Tuesday, 18 September 2012
လာမည့်လွှတ်တော်အစည်းအဝေး၌ အမျိုးသမီးဘ၀လုံခြုံရေး ဥပဒေသစ်တစ်ရပ်တင်သွင်းမည်
Tuesday, September 18, 2012
အမျိုးသမီးများကို ကာကွယ်ပေးရန်အတွက် ဥပဒေသစ်ပေါ်ထွက်လာရန် လာမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြသွား မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် (NLD) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။
“အမျိုးသမီးတွေက အကြမ်းဖက်မှုခံနေရတယ်။ ဒါတွေကို ကာကွယ်ဖို့ ဥပဒေမရှိဘူး။ ဒါကြောင့် လွှတ်တော်မှာ ဥပဒေအတည်ပြုပြဋ္ဌာန်းဖို့လိုတယ်။ အမျိုးသမီးတွေကို ကာကွယ်ဖို့ ဥပဒေပါ။” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် အဆို(၁၀၀)နီးပါးခန့် ကိုယ်စားလှယ်များက တင်သွင်းခဲ့သော်လည်း အမျိုးသမီးများအတွက် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဥပဒေသီးသန့်တင်သွင်းခြင်း မရှိခဲ့ကြောင်းကိုလည်း သိရသည်။
နိုင်ငံတော် အစိုးရအဖွဲ့ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်တရပ်လုံးတွင် အမျိုးသမီးပါဝင်မှု ၄.၅ ရာခိုင်နှုန်း ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အမျိုးသမီးကိုယ်စားလှယ် (၁၂) ဦး ရှိသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် စင်္ကာပူနိုင်ငံတွင်မူ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းချက်ကြောင့် အမျိုးသမီးများကို နောက်ပြောင်ကျီစယ်ခြင်းကိုမူ မပြုလုပ်ရဲပေ။
“နိုင်ငံတကာက ဥပဒေများကို နမူနာယူရမယ်။ အမျိုးသမီးများအတွက် ကိုက်ညီတဲ့ ဥပဒေကို ရေးဆွဲရပါမယ်။” ဟုဒေါ်ဖြူဖြူသင်းက ဆက်လက်အကြံပေးပြောဆိုသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၉၉၇ ခုနှစ်က အစိုးရသည် အမျိုးသမီးများအတွက် အချက် (၃၀) ချက်ပါ Committee on the Elimination of Discrimination against Women (CEDAW) စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း အမျိုးသမီးအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ စီမံခန့်ခွဲသူ မသန္တာက ပြောသည်။
“လင်မယားကွဲရင် အမျိုးသမီးက နစ်နာကြေး ကျပ်(၁၀၀)ပဲရတယ်။ ဒီတရားသေကို ပြောင်းဖို့လိုနေပြီ။ ဥပဒေထွက်လာအောင် Gender အကြောင်းသိတဲ့သူတွေ ဝိုင်းအော်ကြ၊ တောင်းဆိုကြရမှာပဲ” ဟု ၎င်းက ပြောသည်။
အမျိုးသမီးများအတွက် နစ်နာမှုမရှိလာနိုင်အောင် ဥပဒေပြောင်းလဲပြုပြင်ရန် လိုအပ်လျက်ရှိပြီး ပြစ်ဒဏ်ကြေးငွေကိုလည်း ထိရောက်စွာချမှတ်ပေးရန်လိုအပ်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ဆိုသည်။
From -မြစ်မခ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment