အများတန်းတူ လူတန်းစေ့ ရရှိခံစားရမယ့် အရာတွေကို
ဖိနှိပ်ကန့်သန့် ချုပ်ချယ်လိုက်တဲ့ အခါမှာ
အဓမ္မ လို့ ခေါ်တဲ့ မတရားမှုတွေဟာ
လူသားမဆန်စွာ မဟားတယား ပေါ်ထွက်လာခဲ့ရတယ် ။
သဘာဝ မဆန်တဲ့ အသဘာဝတရားတွေကို
ယူငင်သုံးစွဲကြတဲ့ အခါမှာ
သဘာဝတရားတွေလည်း ကျွမ်းထိုးမှောက်ခုံ
စုံစုံမြှုပ်ခဲ့ရတယ် ။
ဒီလိုနဲ့ လူအခွင့်အရေးဆိုတာတွေ ကျဆုံးခဲ့ရတယ် ၊
ဒီလိုနဲ့ တရားသဖြင့် ရပိုင်မှုတွေ ကျဆုံးခဲ့ရတယ် ၊
ဒီလိုနဲ့ အဲဒီအတွက် တိုက်ခိုက်သူတွေ ကျဆုံးခဲ့ရတယ် ၊
ဒီလိုနဲ့ လူကောင်းသူကောင်းတွေ ကွယ်ပျောက်
လူယုတ်သူယုတ်မာတွေ ၀င်ရောက်ကြီးစိုးခဲ့ကြတယ် ။
ဒီလိုနဲ့
သဘာဝတွေကင်းမဲ့ အသဘာဝတွေ ရောယှက်မှုနဲ့အတူ
ဓမ္မတွေကင်းမဲ့ အဓမ္မတွေ ရောယှက်မှုနဲ့အတူ
လည်ပတ်လှုပ်ရှား ရွေ့လျားနေတဲ့ ကမ္ဘာမြေကြီးဟာလည်း
လေ ရေ မီး ဆိုတဲ့ တန်ခိုးအစုံစုံတွေ
ပြခွင့် ကြုံလိုက်ရတော့တယ် .......... ။ ။
(စက်သွေး)

No comments:
Post a Comment