အောင်ကိုကိုလတ် (မြစ်မခ)
စုံစမ်းစစ်းဆေးရေးအဖွဲ့များရောက်ရှိခဲ့သည့် မြို့နယ်တစ်ခုစီတွင် အကြောင်းအမျိုးမျိုးကြောင့် မြေယာသိမ်းဆည်းခံလယ်သမား ဦးရေ(၆၀)ကျော်မှ (၈၀)အတွင်းရှိကြောင်း လွှတ်တော်စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များထံက သိရှိရသည်။
"အမရပူရမှာဆိုရင် ကော်မရှင်မဖွဲ့ခင်ကအထိ တိုင်စာ(၆)စောင်လာပါတယ်။ အဲဒါမှာ
တစ်ဦးခြင်း ဖြစ်စေ၊ အများနဲ့စုပေါင်းဖြစ်စေ တိုင်ကြားကြတာပါ။
အခုစုံစမ်းကြည့်တဲ့အခါကြတော့ လယ်သမား ပေါင်း (၈၀)လောက် ကြုံတွေ့နေရတာတွေကို တွေ့မြင်ရတယ်"ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
လယ်ယာမြေသိမ်းဆည်းခြင်းကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် အမျိုးသားလွတ်တော်နှင့် ပြည်သူ့ လွတ်တော်တို့မှ အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်(၆၀)ဦးတို့ဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့အား သြဂုတ်လ (၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
မြေယာသိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် လယ်သမား (၆၈)ဦး၊ မအူပင်မြို့နယ်တွင်(၅၈)ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်တွင် (၈၀)ဦး ခံစားနေကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် (၂)ဦးထံက သိရှိရသည်။
အဆိုပါစုံစမ်းစစ်ဆေးခြင်းများအား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်
သက်ဆိုင်ရာဌာနအသီးသီးမှ မြေယာသတ်မှတ်ချက်များအား စာရင်းပြုစုကာ
တောင်သူလယ်သမားဖြင့် တွေ့ဆုံစစ်ဆေးမှုပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့်
သတ်မှတ်ချက်(၆)ခုဖြင့် စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်များအား စာရင်းပြု
စုခြင်းပြုစုထားခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း
လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။
"အခုဖျာပုံမှာဆိုရင် လယ်သမားအချင်းချင်း၊ စားကျက်မြေကိစ္စ၊ ကုမ္ပဏီပိုင်
လုပ်ကိုင်တာတွေနဲ့ အဲ့ဒါ တွေ တွေ့ရတယ်။ လယ်သမားအချင်းချင်းဆိုတာ
အကြောင်းတစ်ခုခုကြောင့် မလုပ်ဖြစ်ဘူးဆိုရင် အဲ့ဒီ ကာလမှာသူများကို
ပြောင်းပေးလိုက်တယ်။ အရင်လူကပြန်လုပ်မယ်ဆိုရင် အချင်းချင်းရှုပ် ကုန်တာ လေ။
နောက် စာကျက်မြေကိစ္စတွေလည်း ပါတယ်"ဟု တ.စ.ည ပါတီမှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် မန်းမောင်မောင်ဥာဏ်မှ စုံစမ်းစစ်ဆေးရာတွင်
ကြုံတွေ့ခဲ့ရသည့်အခက်အခဲများအား ရှင်းပြသည်။
လယ်ယာမြေသိမ်းဆည်းမှုအပေါ်စစ်ဆေးရာတွင်
(၁)။ မြို့သစ်၊ ကွက်သစ်များဖော်ရန်အတွက် လယ်ယာမြေများ သိမ်းဆည်းခြင်း၊
(၂)။ စက်မှုဇုန်များ ဆောက်လုပ်ရန်အတွက် လယ်ယာမြေများ သိမ်းဆည်းခြင်း ၊(၃)။
တပ်မတော်များ တပ်မြေတိုးချဲ့ရန်အတွက် လယ်ယာမြေသိမ်းဆည်းခြင်း(၄)။
နိုင်ငံတော် စီိမံကိန်းဖြစ်သော ကားလမ်း၊ ရထားလမ်း၊ ဆေးရုံ၊
လေယာဉ်ကွင်းနှင့် ဆည်၊ တာတမံများ ဆောက်လုပ်ရန်အတွက် လယ်ယာမြေများ
သိမ်းဆည်းခြင်း၊ (၅)။ ပုဂ္ဂလိကလုပ်ငန်း ရှင်များ စိုက်ပျိုးရေးလုပ်ငန်း ၊
မွေးမြူရေး လုပ်ငန်းများပြုလုပ်ရန်အတွက် လယ်ယာမြေများ သိမ်းဆည်းခြင်း၊(၆)။ နိုင်ငံတော်ပိုင် စက်ရုံ ၊ အလုပ်ရုံများတည်ဆောက်ရန်အတွက် လယ်ယာမြေများသိမ်းဆည်းခြင်း တို့ပါဝင်ပြီး အဆိုပါလုပ်ငန်းများအတွက် လယ်လုပ်ကိုင်သူများ၏ ယာမြေသိမ်းဆည်းခြင်းအပေါ် နစ်နာကြေးပေးဆောင်ခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း သိရှိရသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များအနေဖြင့် စစ်ဆေးနေစဉ်ကာလတွင်း ရရှိလာသော သတင်း အချက် အလက်များအား စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ
ဦးတင်ထွန်းထံသို့ အစီရင်ခံရမည်ဖြစ်ပြီး ပထမ အကြိမ်
ပဉ္စမပတ်ပုံမှန်အစည်းအဝေး တွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဌထံသို့
တင်ပြသွားမည်ဖြစ် သည်။
မူရင်းသတင်း--by Myit Makha Mediagroup on 20 Sep, 2012
No comments:
Post a Comment