Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Friday, 21 September 2012

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကလေးစားတရုတ်မုန့်ဈေးကွက် သိသိသာသာကျယ်ပြန့်နေ

ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup on 21 Sep, 2012

တရုတ်နိုင်ငံမှတရားမ၀င်တင်ပို့သော ကျန်းမာရေးနှင့်မညီညွတ်သည့် ကလေးကြိုက် မုန့်မျိုးစုံမှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့များတွင် အများဆုံးရောင်းချနေသည့် မုန့်အမျိုးအစားများဖြစ်ကြောင်းဒေသခံများထံက သိရသည်။

ဈေးနှုန်းချိုသာသော တရုတ်မုန့်များကို မူဆယ်မှတဆင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊နောင်ချိုမြို့များသို့ ကားများဖြင့် တရားမ၀င်ဖြန့်ဖြုးရောင်းချနေခြင်းဖြစ်သည်။

“ဒီမှာရှိတဲ့ မုန့်ဈေးကွက်က တရုတ်မုန့်ပဲ ဈေးကွက်ရှိတယ်။ အိမ်ဆိုင်တွေကလည်း ဒါပဲလာဝယ် တာ။ အချိုရည်ဘူးတွေလည်း တရုတ်အချိုရည်ပဲ ရောင်းရတာ။ ဘီယာတောင် တရုတ်ပဲ၊ စည်ပင်နဲ့ရဲကတော့ တစ်ခါတစ်လေ မုန့်တွေလာသိမ်းတာရှိတယ်`` ဟု ကျောက်မဲမြို့မဈေးကြီးမှ တရုတ်မုန့်လက်ကား အရောင်းဆိုင်တစ်ဆိုင်မှ ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ တရုတ်မုန့်မျိုးစုံမှာ မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မထုတ်လုပ်သည့်ပုံစံ မတူ အစားအသောက်များဖြစ်ကြောင်း၊ ထိုမုန့်များမှာ တရုတ်တံဆိပ် တရုတ်စာသားများဖြင့် လာပြီး အထဲမှာလည်း မည်သည့်အရာများထည့်သွင်းထားသည်ကို မသိရှိရကြောင်းနှင့် ဈေးနှုန်းမှာ ကျပ်(၅၀)-(၁၀၀)၀န်းကျင်သာ ရှိကြောင်း သိရသည်။

ထိုတရုတ်မုန့်များအား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များတွင် အများဆုံးတွေ့ရပြီး မန္တလေးတိုင်းဒေသကြီး အထိပါ ပျံ့နှံ့လျက်ရှိကြောင်းကိုလည်း သိရှိရသည်။

မန္တလေးတွင်လည်း မုန့်မျိုးစုံဈေးကွက်သို့ဝင်ရောက်လာသည့် Sumiangin(Mao Zai Xiong Di) အမှတ် တံဆိပ်ပါ တရုတ်ကလေးစားမုန့်များနှင့်ပတ်သက်၍ ပြီးခဲ့သည့် အပတ်အတွင်းက မန္တလေးတိုင်း ကျန်းမာရေး ဦးစီးဋ္ဌာနက တားမြစ်မှုများရှိခဲ့ကြောင်း သိရသည်။

“တရုတ်မုန့်တွေများလာလို့ စိတ်ညစ်တယ်။အဓိက က ကျောင်းမုန့်ဆိုင်တွေမှာ ရောင်းတာ ပိုဆိုးတယ်။ ကျွန်တော့်သမီးက တရုတ်ပဲပြားချောင်းနဲ့တောင် ထမင်းစားတယ၊် အဲဒီမုန့်တွေစားပြီးရင် ညကြတော့ ချောင်းဆိုးတယ် ၊ချွဲကြပ်တယ် နောက်ကြာလာရင် မလွယ်ဘူး ဒါတွေကို ပိတ်ပင်သင့်တယ်``ဟု နောင်ချိုမြို့ခံ ဦးဝင်းမောင်က ပြောသည်။

အဆိုပါ တရုတ်အစားသောက်မုန့်မျိုးစုံများမှာ ကျွဲပျော့ အချိုရည်အမျိုးမျိုး၊ ချဉ်ငံစပ်ပဲပြားချောင်းများ၊ ကြက်အသည်းအမြစ်အထုပ်များ၊ ချိုချဉ်များ၊ ဂျယ်လီနှင့် တရုတ်ကိတ်အစရှိသည့်မုန့်များကို တရုတ်တံဆိပ်များဖြင့် မုန့်အရောင်းအ၀ယ်ဈေးကွက်အတွင်းသို့ ဖြန့်ဖြုးရောင်းချလျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

“ကျွန်တော့်ဆီမှာအများဆုံးလာတာတော့ ကလေးလူနာတွေပဲ ဖျားတာ၊ချောင်းဆိုးတာ ၊ချွဲကြပ်တာတို့ သလိပ်ကပ်တာတွေ ဖြစ်တာများတယ်။ ကျွန်တော်တို့ဆီမှာ ရောင်းတဲ့တရုတ်မုန့်တွေက ရွှေလီတို့ ကြယ်ခေါင်တို့မှာတောင် မမြင်ဘူးဘူး၊ ဒီမှာပဲ ရောင်းတာ၊ကျွန်တော့်အထင် အစားအသောက် ခွင့်ပြုချက် မရလောက်ဘူး”ဟု ပြင်ဦးလွင်မြို့မှ ဆရာဝန်တစ်ဦးက ပြောသည်။
ထိုတရားမ၀င်သယ်ဆောင်သော တရုတ်မုန့်တင်ယာဉ်ကားများမှာ မူဆယ်မှတဆင့်နေ့စဉ်နှင့် အမျှ ၀င်ရောက်လျက်ရှိပြီး တစ်ခါတစ်ရံမှသာ နယ်ခံအာဏာပိုင်များက ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

No comments:

Post a Comment