Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Friday, 21 September 2012

ရဲသိပ္ပံဆိုင်ကယ်လိုင်စင်ဝင်းအတွင်း ပွဲစားများ ကြီးစိုးနေ -

မန္တလေးမြို့၊ ရဲသိပ္ပံကွင်း၌ ဆိုင်ကယ်လိုင်စင်ချထားပေးရာတွင် လိုင်စင်ပြုလုပ်ပေးနေသည့် မှောင်ခိုပွဲစားများမှာ လိုင်စင်ပြုလုပ် လိုသူများထံမှ အဆမတန်ငွေကြေး တောင်းခံလျှက်ရှိကြောင်း သိရသည်။


ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာ၌ နေရာရရှိရန်ပင် ကျပ်နှစ်သောင်းမှ ခြောက်သောင်းဝန်းကျင်အထိ ကုန်ကျလျက်ရှိကြောင်း ဆိုင်ကယ်လိုင်စင်ရရှိရန် လာရောက်တန်းစီနေသူများထံက သိရသည်။

“ဆိုင်ကယ်လိုင်စင်လျှောက်ဖို့ နေရာလိုချင်တယ်ဆို ခြောက်သောင်းပေးရင် ပွဲစားက လုပ်ပေးတယ် ၊ ဈေးကတော့ အမျိုးမျိုးပေါက်တယ် ၊ နှစ်သောင်းလောက်ပဲ တတ်နိုင်ရင် ကွင်းထဲကိုဝင်တဲ့အပေါက်နဲ့ အဝေးဆုံးကို ရောက်ပြီး နှစ်ရက်လောက် စောင့်ရတယ် ´´ ဟု အသက်(၂၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ဆိုင်ကယ်လိုင်စင်များချထားပေးရာ ရဲသိပ္ပံကွင်းအနီးတစ်ဝိုက်တွင် ပွဲစားများအနေဖြင့် တဲများ ထိုးကာနေထိုင်ခြင်း ၊ အရက်သောက်ခြင်းများရှိနေပြီး ဆိုင်ကယ်အစုတ်များကို ထည့်သွင်း တန်းစီနေရာဦးခြင်းများ လုပ်ကိုင်ကာ ပွဲခများ တောင်းခံနေခြင်းကြောင့် ကိုယ်တိုင်လာရောက် လုပ်ကိုင်သူများ စိတ်အနှောင့်အယှက်ဖြစ်လျှက်ရှိကြောင်းသိရသည်။

`` တစ်ချို့ဆိုင်ကယ်တွေဆို အင်ဂျင်တွေတောင် မပါဘူး ၊ စုတ်တာမှ တကယ့် ဘုရားစူးပါ ၊ လမ်းဘေးတွေမှာ ထောင်ထားတာတွေ အများကြီးပဲ ၊ အဲဒါတွေကို ၀င်တိုးလိုက်ရင် ကျမတို့က ကိုယ့်ဆိုင်ကယ်အသစ်ထိမိ ပွန်းမိမှာစိုးတော့ ရှောင်ရှောင်ပြီး အပြင်ရောက် ရောက်သွားတယ် ´´ ဟုအောင်မြေသာစံမြို့နယ်မှ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးက ၄င်း၏အတွေ့အကြုံကိုပြောသည်။

ထိုကဲ့သို့ ပွဲစားများပြုလုပ်နေသည့်အတွက် လုံခြုံရေးဝန်ထမ်းများအား နေရာချထား ပေးစေလိုကြောင်းကိုလည်း အမည်မဖေါ်လိုသူ ရုံးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“ပွဲစားတွေ ဘယ်လောက်သောင်းကျန်းနေလဲဆိုတာ မျက်စိနဲ့မြင်နေတာပဲ ၊ ဒါကိုထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု အမည်မဖော်လိုသည့် ၀န်ထမ်းက ပြောသည်။

ဆိုင်ကယ်လိုင်စင်များချထားပေးခြင်းကို လာမည့်အောက်တိုဘာလဆန်းတွင် ရပ်ဆိုင်းမည်ဟု သိရသည်။

No comments:

Post a Comment