Wednesday, 26 September 2012
တိုင်းမှူးဟောင်းဗိုလ်ချုပ်ထွန်းကြည် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်လည်ပေါ်ထွက်လာ -
ပြင်ဦးလွင်မြို့နယ် ၀က်ဝံကျွေးရွာမှ လယ်ယာမြေ (၁၈၆)ဧကကို တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းကြည် မှ သိမ်းဆည်းခဲ့ကြောင်း လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ထံက သိရှိရသည်။
"ပြင်ဦးလွင်မှာ ရှိတဲ့ ၀က်ဝံကျးရွာ၊ ရတနာပုံဆိုက်ဘာစီးတီး၊ သက္ကံချိန်ကျေးရွာတွေမှာ ဒီလ ၂၄. ၂၅. ၂၆ ရက်နေ့တွေမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တော့ ဒီမှာလည်း လယ်ယာမြေတော်တော်များများ သိမ်းဆည်း ခံထားရတာကို တွေ့ခဲ့ရတယ်။"ဟု လယ်ယာမြေသိမ်းဆည်းမှု စုံစစ်ဆေးရေး ကော်မရှင် အဖွဲ့ခွဲ(၄)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
ပြင်ဦးလွင်မြို့နယ် ၀က်ဝံကျေးရွာ၌ မန္တလေးတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထွန်းကြည်မှ လယ်မြေ (၁၈၆) ဧကသိမ်းဆည်းခဲ့ကြောင်းနှင့် ရတနာပုံဆိုက်ဘာစီးတီး တည်ဆောက်ရာတွင် ကော်ဖီခြံစိုက်ခင်း ဧက (၁၀၀)သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။
သက္ကံချိန်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကလည်း ကျေးရွာဖွံ့ဖြိုးရေးအတွက် အကြောင်းပြကာ လယ်မြေ(၆၇)ရောင်းချခဲ့ကြောင်း ဦးမင်းသူက ကြုံတွေ့ခဲ့ရသော စုံစမ်းစစ်ဆေးမှုများအား ပြန်ပြော ပြသည်။
အဆိုပါ သိမ်းဆည်းခံရသော ကော်ဖီခြံများမှာ သစ်တောကြိုးဝိုင်းဧရိယာအတွင်း တည်ရှိပြီး ၁၉၉၇ ခုနှစ်တွင် တရားဝင်နှစ်ရှည် လုပ်ကိုင်ရန် နှစ်(၂၀)သက်တမ်းဖြင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်းနှင့် ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ရတနာပုံဆိုက်ဘာ စီးတီးတည်ဆောက်ရန်အတွက် ပြန်လည်သိမ်းဆည်းခဲ့ ကြောင်း သိရသည်။
"အခုလို လယ်မြေတွေကို အာဏာသုံးပြီး သုံးတာတို့၊ သဘောတူစာချုပ်ချုပ်ထားပြီး သူတို့ဘက်က ပျက်ကွက်ခဲ့တာတို့ ဆိုရင် ညှိနိုင်းပြီး နစ်နာကြေး ပေးသင့်တယ်။ နောက်တစ်ခုဆိုးတာက ဌာနဆိုင်ရာ ကနေ သိမ်းတယ်ဆိုပြီး သူများကို လက်လွဲပေးလုပ်ကိုင်တာတွေ လည်း တောင်သူတွေကြုံကြရတယ်။ တစ်စုံတစ်ရာမှလည်း ပြန်လည်လုပ်ပေးခဲ့တာ မရှိခဲ့ဘူး"ဟု ပြင်ဦးလွင်ခရိုင် သုံးတောင်ကျေး ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လယ်ယာမြေများသိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးမှုများအပေါ်တွင် သိမ်းဆည်းခံခဲ့ရသော တောင်သူများ အနေဖြင့် မည်သို့ အရေးယူဆောင်ရွက်မူများပြုလုပ်မည်၊ နစ်နာမူများအတွက် မည်သို့ကဲ့သို့ အခွင့် အရေးပြန်လည်ရရှိနိုင်မည်ကို သိရှိလိုကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် အဖွဲ့(၉)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ခွဲများကို ချင်း-ရခိုင်၊ ကချင်-စစ်ကိုင်း၊ ရှမ်း-ကယား၊ မွန်-တနသာင်္ရီ-ကရင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ အဖွဲ့တစ်ဖွဲ့စီတွင် အဖွဲ့ဝင် (၅)ဦးနှင့်အ ထက်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့(၄)အနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင်း သိမ်းဆည်းခံလယ်မြေများ အတွက် စစ်ဆေးမူများ ပြုလုပ် လျက်ရှိပြီး နေပြည်တော်ဒေသတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရမူ များအား ပထမအကြိမ်ပဉ္စမပတ်ပုံမှန်အစည်းအဝေးပြုလုပ်နေစဉ် အချိန်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup on 26 Sep, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment