Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Sunday, 30 September 2012

ဒါကြောင့် ဒီ လို ရေး ဖြစ် တာ



.ကော့သောင်းဖက်မှာ မြန်မာရေတပ် သောင်းကျန်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး စာဖတ်သူတဦးက အသိပေးဖော် ထုတ် လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းကြမလဲ လို့မေးခွန်းထုတ် လာပါတယ်။ကျနော့အနေနဲ့ ပြောရရင်တော့ အခုလိုပွင့်ပွင့်လင်းလင်း ရေးသားလာတာကို လက်ခံကြိုဆို ပါတယ်။ ဒါမျိုးများများ ရေး ကြရင်ကောင်းပါတယ်။ အဖြစ်အပျက်တွေစုံလာသလို ရှုထောင့်လည်းကျယ်ပြန့်  လာတာပေါ့။ ကျနော် စာရေးတဲ့ရည် ရွယ်ချက်က တပ်မတော်နဲ့ ပြည်သူအကြားမှာ လိပ်ခဲ တင်းတင်း   ဖြေရှင်း ရခက်နေတဲ့ အခြေအနေတွေကို အပြန်အလှန် ဆွေးနွေးကြရင်း ပြေလည်သွားစေဖို့ပါ။ ဒီအ တွက်တဖက်သတ် အမြင်ကိုဆုပ်ကိုင်ထားလို့ မရပါဘူး။
ဟိုတလောတုန်းကလည်း မိတ်ဆွေတဦးနဲ့ ဒီအကြောင်း ဆွေးနွေးဖြစ်ပါသေးတယ်။ သူကရန်ကုန် အခြေစိုက် ငါးဖမ်း လှေမှာ ရေလုပ်သားလုပ်ဖူးသူပါ။ ပုဇွန်တောင်ညောင်တန်းကနေ ငါးဖမ်းလှေထွက် တဲ့အခါ ပင်လယ်ပြင်ကို မရောက် ခင်မှာပဲ ဆီတောင်းတဲ့ရေတပ်သင်္ဘော သုံးလေး စီးလောက်ကြုံတွေ့ ရတယ် လို့ဆိုပါတယ်။ တနေရာမှာ ဆီတခွေ (၁၅ ဂါလံခန့်) ပေးရတော့ ပင်လယ်ငါးဖမ်းကွက်ကို မရောက်မီမှာပဲ ဆီပီပါ တလုံးလောက် ကိစ္စချောသွားတယ်လို့ ပြောပြပါ တယ်။

သူပြောသွားတာတွေ မှန်ပါတယ်။ အချိန်မရွေး ခေါင်းစဉ်အမျိုးမျိုးနဲ့ ရန်ကုန်မြစ်ကြောင်း တလျှောက် ဖြန့် ကျက်နေ ရာယူ ထားတဲ့ စစ်ရေယာဉ်တွေ ရှိနေတတ်လို့ပါ။ ငါးဖမ်းလှေတွေဆီက တောင်းရမ်းထားတဲ့ စက်သုံးဆီရောင်းရငွေကို ရေတပ် သားတွေ အချိုးကျခွဲဝေရရှိပါတယ်။။ ဒါကြောင့်မို့လည်း အ တွေ့အ ကြုံတွေကို ထိုက်သင့်အားလျော်စွာ ရေးပြနေနိုင်တာပါ။ သို့ပေမယ့်လည်း ဒီအခွင့်အရေးမျိုးကို ရေတပ် တခုလုံး ခံစားခွင့်ရနေတာလားဆိုရင်တော့ မဟုတ်ပါဘူးလို့ ဖြေဆိုရမှာပါ။ သင်္ဘောဆင်းခွင့်မကြုံတဲ့ စစ်သည်တွေအတွက်တော့ဒီဖြစ်ရပ်တွေဟာ ပုံပြင်ထဲက ပုံပြင်တွေပါပဲ။

နောက်တခါ သင်္ဘောဆင်းလို့ရတဲ့ ငွေအပေါ်မှာထားတဲ့ သဘောထားကွဲပြားမှုတွေ ရှိပါတယ်။ ဥပမာ-  ထောက်ပံ့ရေးရေ ယာဉ်တွေမှာ တရားဝင်သတ်မှတ်ထားတဲ့ အခွင့်အရေးတွေရှိပါတယ်။ ထိန်းသိမ်းဆီရဲ့ ငါးရာခိုင်နှုန်းကို လျော့နည်းခွင့် ပြုထားပါတယ်။ ရေတပ်မှာ ဆီဂါလံ ငါးသောင်းကနေ သုံးသိန်းအထိဝင်ဆန့်တဲ့ ထောက်ပံ့ရေးရေယာဉ်တွေ ရှိပါတယ်။ အဲဒီရေယာဉ်တွေကို အစိုးရစက်သုံး ဆီသယ် ပို့ရာနဲ့ ပုဂ္ဂလိကငါးလုပ်ငန်း ကုမ္ပဏီတွေကို ငှားရမ်းရာမှာ သုံးပါတယ်။ ပင် လယ်ပြင်ခရီး တစ်ခေါက် ပို့ဆောင်ပြီးတိုင်း စစ်သည်တဦးအတွက် ကျပ်ငါးသောင်းလောက် ဝေစုရတတ်ပါတယ်။ ဒီနည်း နဲ့ရတဲ့ငွေကို စစ်သည်တွေက သန့်သန့်ရှင်းရှင်းရတဲ့ငွေ (အအေးစာ) လို့ သတ်မှတ်ပါတယ်။

ငါးဖမ်းလှေတွေနဲ့ အခြားသောစီးပွားကုန်သွယ်လှေတွေဆီက ရတဲ့ငွေကိုတော့ တရားဝင်သတ်မှတ်လို့ မရပါဘူး။ တခါ တရံမှာ စီးပွားရေးလုပ်ငန်းရှင်နဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်သူတို့အကြား အကျိုးစီးပွား အရ ညှိနှိုင်းလုပ်ဆောင်မှုတွေ ရှိသလို တခါတရံမှာလည်း လက်နက်ရှိသူက လက်နက်မဲ့သူအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုတွေ ရှိပါတယ်။ ကော့သောင်း ဖက်ကဖြစ်ရပ်တွေကို ကျနော်ကိုယ်တိုင် မတွေ့ကြုံဖူးပါ။ သူငယ်ချင်းတွေထံမှ တဆင့်ကြားသိရတာတွေတော့ အများအ ပြား ရှိပါတယ်။

ပင်လယ်ပြင် ငါးဖမ်းကွက်တွေမှာလည်း ဒီအတိုင်းပါပဲ။ ငါးမဖမ်းရသတ်မှတ်ထားတဲ့ နယ်မြေမှာ ငါးဝင်ဖမ်း တဲ့ လှေတွေ ဟာ စစ်သင်္ဘောနဲ့ အပေးအယူလုပ်ပြီး ၀င်ဖမ်းတဲ့လှေရှိသလို မိမိသဘောနဲ့ ၀င်ဖမ်းသူတွေ လည်းရှိပါတယ်။ (ပြည်တွင်း တရားဝင်လိုင်စင်ရ ငါးဖမ်းလှေတွေကို ဆိုလိုတာပါ) တချို့ကျပြန်တော့ ဖမ်းမိငါးတွေကို ရန်ကုန်ဆိပ်ကမ်းပြန်မသယ် တော့ဘဲ ပင်လယ်ပြင်အတွင်းမှာရှိတဲ့ ထိုင်းငါးဖမ်း ကုမ္ပဏီ တွေထံတိုက်ရိုက်ဆက်သွယ် ရောင်းချပါတယ်။ အဲဒီလှေတွေ ကို သက်သေအထောက်အထား ခိုင်လုံတယ်ဆိုရင် “စည်းပျက်လှေ” အနေနဲ့ ဖမ်းခွင့်ရှိပါတယ်။ ဖမ်းဆီးရမိပြီးတဲ့နောက်ဆက်လက် အရေးယူ ဆောင်ရွက်မှုအပိုင်းမှာတော့ စစ်ရေယာဉ်မှူးနဲ့ ငါးဖမ်းကုမ္ပဏီတို့ရဲ့ အနေအထားပေါ်မှာ မူတည်ပါ တယ်။

စစ်ရေယာဉ်တွေဖက်က ပြုမူဆက်ဆံတာတွေ လွန်ကျူးသွားတဲ့အခါ ပုဂ္ဂလိကလုပ်ငန်းရှင် တွေကလည်း တုန့်ပြန်တိုင် ကြားမှုရှိတဲ့အခါ ရှိပါတယ်။ များသောအားဖြင့် ရေလုပ်ငန်းရှင်တွေဟာ အနည်းဆုံး စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တဦးဦးနဲ့ လမ်းကြောင်းပေါက်ပြီးသားပါ။

ဥပမာ-ကမ်းလွန်ရေနံစင်နဲ့ ၁၀ မိုင်ပတ်လည်အတွင်း ငါးမဖမ်းရ ကန့်သတ် တားမြစ်ထားပါတယ်။ အဲဒီမှာ ၀င်ဖမ်းတဲ့လှေကို စစ်သင်္ဘောကမိတယ် ဆိုပါတော့။ လှေထဲမှာပါတဲ့ ဆီကိုမောင်းစရာ မကျန်အောင် အကုန်လုံးစုတ်ထုတ်ယူလိုက်တယ်။ ဒီဖြစ်စဉ်မျိုးတွေ မကြာခဏ ကြားရပေမယ့် အမြဲတမ်းတိုင်ကြား တာ တော့ မတွေ့ရပါဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့ စီးပွားရေးစနစ်အောက်မှာ ၀ိသမလောဘသမားနဲ့ အကျင့်ပျက်ဝန်ထမ်းထွေးရောယှက်တင် စီးပွားရှာတတ်ကြ ပါတယ်။ အဲဒီ အရှုပ်အထွေးတွေကြားထဲမှာ ရိုးသားတဲ့ ပြည်သူလူထု မြေစာပင် ဖြစ်ရတာလည်း အထင်အရှားပါ။

ငါးဖမ်းလှေတွေနဲ့ ဆက်ဆံရတဲ့အခါ အချို့စစ်ရေယာဉ်မှူးတွေက ထိန်းထိန်းသိမ်းသိမ်း လုပ်တာတွေရှိသလို တချို့စစ် ရေယာဉ်မှူးတွေကျတော့ အခွင့်အရေးရတုန်း သူဌေးဖြစ် ကြံတာလည်းရှိပါတယ်။ စစ်ရေယာဉ်မှူး တဦးချင်းရဲ့လုပ်ရပ်နဲ့ အဓိက သက်ဆိုင်ပါတယ်။ လူတိုင်းလူတိုင်း ကိုယ်တချိန်က ပြုမူဆောင်ရွက် ချက်တွေ နောင် တချိန်မှာ ပုံရိပ်တခုအနေနဲ့ တည်ရှိနေတာကို ကြုံတွေ့ခံစားရစမြဲပါ။ ကိုယ့်ရဲ့လုပ်ရပ်ကောင်း အတွက် မိမိကိုယ်တိုင်က အမှတ်တမဲ့ဖြစ်နေတောင်မှ
အသိအမှတ်ပြုတဲ့သူပေါ်လာမှာ ဖြစ်သလို မကောင်းတဲ့လုပ်ရပ်အတွက်လည်း မသိယောင်ဆောင် ဖုန်းကွယ်မေ့ဖျောက် ပစ်လို့ မရနိုင်ပါဘူး။ အခွင့်သာချိန်မှာ ထင်တိုင်းကြဲလုပ်ခဲ့ပြီး နောက်ပိုင်းမှာ ပက်ပက် စက်စက် အကျနာသွားသူတွေရဲ့ အဖြစ်ကို ကြုံတွေ့ဖူးပါတယ်။

ယိုးဒယားငါးခိုးလှေ ဖမ်းတဲ့အခါမှာတောင် စစ်ရေယာဉ်မှူး တဦးနဲ့တဦး မတူပါ။ ယိုးဒယားလှေ ဆိုပေမယ့် ရေလုပ်သား အများစုက မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။ ငါးလှေကိုဖမ်းမိပြီး ရင် ရေလုပ် သားတွေကို ထွက်ပေါက်ပေးရပါတယ်။ စစ်သင်္ဘောထွက်ခွာသွားပြီးတဲ့နောက် ရေထဲ မှာကျန်ရစ်ခဲ့ တဲ့ ရေလုပ်သားတွေကို အခြားယိုးဒယားလှေတွေက လာပြီး ကယ်ဆယ်ရပါတယ်။ တချို့အဆင်ခြင်မဲ့တဲ့ စစ်ရေယာဉ်မှူးတွေဟာ ကယ်ဆယ်ဖို့လာတဲ့ငါးလှေကို ထပ်ပြီးဖမ်းဆီးတာ ကြောင့် ရေလုပ်သားတွေ ကို သေတွင်းထဲတွန်းပို့သလို ဖြစ်သွားပါတယ်။ အဲဒီလိုလုပ်တဲ့ စစ်ရေယဉ်မှူးတွေကတော့ “စည်းမဲ့ မုဆိုး” တွေပေါ့။

တခါတုန်းက ပင်လယ်ပြင်မှာဖြစ်ပျက်သွားတဲ့ကိစ္စကို ကြားလိုက်ရတာ ရင်မချိစရာပါ။ ငါးခိုးလှေဖမ်းတဲ့နေရာမှာ ထိုင်းပဲ့ နင်းတဦးက လှေကိုစက်ကုန်တင်ပြီး စစ်သင်္ဘောကိုဝင်ဆောင့်လို့ စစ်သင်္ဘောအတော်ပျက်စီးသွားတယ်။ အဲဒီမှာ စစ် ရေယာဉ်မှူးက ဒေါသထွက်ပြီး ရေထဲကူးနေ သူတွေ ကို သေနတ်နဲ့လိုက်ပစ်တာ သွေးတွေလွှမ်းသွားရောတဲ့။ ကျနော့ မျက်စိထဲမှာတော့ အပြစ်မဲ့ မြန်မာလှေသားတွေ မရှုမလှ သေပွဲဝင်ရမယ့်အဖြစ်ကိုတွေးပြီး မြင်ယောင်နေမိတယ်။

ဒီလိုနည်းလမ်းတွေနဲ့ ရှာဖွေစားသောက်နေတာတွေဟာ သမာအာဇီဝ မဟုတ်ဖူးလို့ ကျနော်တို့ စစ်သည်တွေလည်းသိ ပါတယ်။ ဒါဖြင့် ဒီလိုသိလျက်နဲ့ ဘာကြောင့် လုပ်သလဲမေးလာရင်တော့ ကျပ်တည်းကျဉ်းမြောင်းတဲ့ ခေတ်ကာလမှာ မိ သားစုဝမ်းရေးအတွက် ဖြစ်ပေါ်လာတဲ့ အခွင့်အရေးကို အသုံးချကြရာကစခဲ့တာပါပဲ။

ဒီလုပ်ရပ်တွေကို မနှစ်မြို့လို့တပ်ကထွက်ပြေးသွားတဲ့ စစ်သည်တချို့ရှိသလို မိုးခါးရေသောက်ရင်း မူးသွားသူတွေလည်း ရှိမှာပါ။ တရားမျှတမှုရှိတဲ့ လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ လူ့အဖွဲ့အစည်းသာဖြစ်ခဲ့ရင် မိသားစုစားဝတ်နေရေးအတွက် ဒီ လောက်ထိ ကိုယ်ကျင့်တရားကို ထိခိုက်ပျက်ပြားခံနေစရာ မလိုဘူး လို့ထင်ပါတယ်။

ကျနော်တို့ တပ်မတော်သားတွေနဲ့ ပြည်သူလူထုအကြား မကျေမလည် ရှုပ်ထွေးနေတဲ့ အခြေအနေတွေ ဟာလူ့သမိုင်းနဲ့ ချီပြီး ဖြစ်တည်နေတာမဟုတ်ဘဲ အာဏာရှင်စနစ်ရဲ့ အစွန်းထွက်ပြဿနာတွေသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပွင့်ပွင့်လင်း လင်း ဆွေးနွေးဝေဖန်မှုတွေနဲ့ တစုံတရာနားလည်မှု တည်ဆောက်နိုင်မယ်လို့ ကျနော် ရိုးသားစွာ ယုံကြည်မိပါတယ်။ မြန်မာပြည် လူ့အဖွဲ့အစည်း တိုးတက်ပြောင်းလဲရေးအတွက် စစ်ဖက်အရပ်ဖက် ဆက်ဆံရေးကောင်းမွန်လာဖို့ရာ တပ်မ တော်အောက်ခြေထုနဲ့ ပြည်သူလူထု အပြန်အလှန်နားလည်မှုရရှိရေးဟာ အခြေခံကျတယ်လို့ ထင်မြင်မိပါတယ်။

ဝေဖန်ဆွေးနွေးသူအားလုံးကို လေးစားကြိုဆိုလျက်
Aungsan Tagun

No comments:

Post a Comment