မိုးကုတ်မြို့ရှိ
တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသောကျောက်မျက်တူးဖော်မြေဧက (၁၇၀)၀န်းကျင်အား
ကုမ္ပဏီကြီးတစ်ခုမှ နိုင်ငံတော်နှင့်အကျိုး
တူပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းကြောင့် ဒေသခံများ အနေဖြင့်
အလုပ်လုပ်ကိုင်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ
ကုမ္ပဏီမှာ လျှန်းလျှံ ကုမ္ပဏီဖြစ်ပြီး (၁၆၇) ဧကအား နိုင်ငံတော်နှင့်
အကျိုးတူလုပ်ကိုင်ခွင့် ရ ခြင်းအပေါ် နစ်နာခဲ့သော
တစ်နိုင်တစ်ပိုင်လုပ်ကွက်ပိုင်ရှင်များမှ နိုင်ငံတော်သမ္မထံနှင့်
အစိုးရရုံးဌာန များသို့ သနားခံစာတင်ခဲ့ရာ
စစ်ဆေးမှုများပြုလုပ်ပေးခဲ့သော်လည်း ထိရောက်သော ဆောင်ရွက်ပေးမူ မဟုတ်ကြောင်း
ဦးဇင်ဗိုလ်က ဆိုသည်။
"ဧကဒီလောက်အများကြီးကို
တစ်ဦးကထည်းက လုပ်တယ်ဆိုတော့ ဒေသခံတွေ တော်တော်လေး ထိခိုက်တယ်။
တစ်နိုင်တစ်ပိုင်လုပ်ကွက်တွေကိုလည်း
လုပ်ကိုင်ခွင့်သက်တမ်းတိုးခွင့်မရတော့ပဲ ပလပ်မြေဖြစ်သွားတယ်ဆိုပြီး
ကုမ္ပဏီတစ်ခုက နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်းခွင့်ရတယ်ဆိုပြီး
လုပ်ကိုင်တွေ သိမ်းခံလိုက်ရတယ်"ဟု ဘောလုံးလေးကျေးရွာမှ
တစ်နိုင်တစ်ပိုင်လုပ်ကွက်ပိုင်ရှင် ဦးဇင်ဗိုလ်က ပြောသည်။
လုပ်ကွက်များနှင့်
ကျေးရွာမြေကွက်များသည် နှစ်စဉ်နိုင်ငံတော်အစိုးရထံသို့ အခွန်ထမ်းဆောင်
လျက်ရှိပြီး တောင်သူလယ်သမား တစ်ဦးချင်း၏ လုပ်ပိုင်ခွင့်ရ မြေနှင့်
ကုန်ထုတ်မှတ်တမ်းစာလုပ်တွင် ၂၀၁၁-၂၀၁၂ခုနှစ်အထိ
လုပ်ကိုင်ခွင့်ရရရှိထားသော်လည်း ၂၀၀၈ ခုနှစ်မှပင် လုပ်ငန်းများ ရပ်ထား
ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
"ကျွန်တော်တို့
တစ်နိုင်တစ်ပိုင်လုပ်တာအောင် တစ်ဧကပဲရတာ။ အဲဒါတောင် သဘာဝပတ်ဝန်းကျင်
ထိခိုက်မှာ ဆိုးလို့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး အခုလိုစက်အင်အားကြီးကြီးနဲ့
သုံးတော့ ဘာမှ မထိခိုက်တော့ဘူးလား။ မိုးကုတ်မှာရှိတဲ့ မြို့လယ်အင်းရဲ့
သမိုင်းကိုပဲ ကြည်လေ မြင်တက်ကြတယ် ဆိုရင်ပေါ့။"ဟု အင်းဒေါင်းကျေးရွာမှ
ဒေသခံတစ်ဦးက ပြောသည်။
တစ်ပိုင်တစ်နိုင်
ကျောက်တူးဖော်ခွင့်အတွက် ကျောက်မျက်ရတနာကုန်သည်အသင်းတွင် အသင်း
ဝင်ကြေးနှင့် လုပ်ကွက်တိုင်းတာရေးအဖွဲ့သို့
ကျပ်(၁)သိန်းဝန်းကျင်ပေးဆောင်ရကြောင်း လုပ်ကွက် ရရှိပါက အခွန်အနေဖြင့် သုံးနှစ်တာ ကျပ်(၅)သိန်းပေးဆောင်ရကြောင်းကိုလည်း သိရှိရသည်။
"အခုလို
အင်အားကြီးကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုတာ တည်ဆဲဥပဒေနဲ့လည်းမညီဘူး၊
နောက်ဒေသ တွင်း ဖြစ်နေတဲ့ ဆင်းရဲမွဲတေခြင်းကိုလည်း မပြေလျော့နိုင်ပါဘူး။
ပတ်ဝန်းကျင်ထိခိုက်မှုလည်း များစွာ တွေ့မြင်ရတယ်။ ဘယ်သူပဲဖြစ်ဖြစ်
ဘာပဲလုပ်ခွင့်ရရအများနဲ့ ညှိနိုင်းမူတွေ ဆွေးနွေးမှုတွေ လုပ်ပြီး တန်းတူ
အခွင့်ရေးပေးသင့် တယ်"ဟု NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
ပထမအကြိမ်
ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ မိုးကုတ်မဲဆန္ဒနယ် ဦးဘဌေးမှ မိုးကုတ်မြို့နယ်အတွင်း
နေထိုင်သူများအတွက် စီးပွားရေးပြေလည်မှုရရှိစေအောင် ၂၀၀၄ ခုနှစ်ကဲ့သို့
တစ်ပိုင်တစ်နိုင် ကျောက်တူးဖော်ခွင့်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
မိုးကုတ်ဒေသတွင်
ကျောက်မျက်ရတနာတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းဆင်းရဲမွဲတေမှုလျှော့ချ
ရေး ၊ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာ့သတ္တုတွင်း ဥပေဒ၊ နည်းဥပဒေ၊
စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျောက်မျက်ရတနာလုပ်ကွက်သစ်များ
ရှာဖွေဖော်ထုတ်လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
မိုးကုတ်ရတနာမြေ၌ တစ်နိုင်တစ်ပိုင်တူးဖော်နိုင်သော ကျောက်မျက်ရတနာ
ဖော်ထုတ်လုပ်ကွက်(အသစ်)များ ချထားပေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင်
သတ္တုတွင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်က
ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရသည်။
by Myit Makha Mediagroup on 29 Sep, 2012
No comments:
Post a Comment