Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Saturday, 29 September 2012

အာဆီယံနိုင်ငံများနှင့်လုပ်ခလစာခြားနားမှုလျှော့ချသင့်သည့်အချိန်ဟု လုပ်ငန်းရှင်များအကြံပြု






နိုင်ငံတကာမှရင်းနှီးမြှပ်နှံမှုများ ဆက်တိုက်ဝင်ရောက်နေချိန်တွင် မြန်မာ့ထွက်ကုန်များကိုအမေရိကန်နိုင်ငံသို့ တင်သွင်း ခွင့်ပြု လိုက်ခြင်းကြောင့်  မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများနှင့်အတူ လစာနှုန်းထားများ လည်း မြင့်မားလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံက သိရှိရသည်။

 
လုပ်ငန်းတွေကလည်း ပိုမိုပွင့်လင်းလာမယ်။ ပမာဏတွေ ကြီးလာမယ်၊ ဝင်ငွေတွေ ကောင်းလာမယ် စီးပွားရေး ကောင်းလာမယ် ဆိုရင် လုပ်ခလစာတွေကလည်း အလိုအလျောက်တက်လာမှာပါ။ တက်ပေးဖို့ အတွက်လည်း အားလုံးက ပြင်ဆင်ပေးကြရမှာပါ။ အခုလက်ရှိလစာနဲ့ နိုင်ငံတကာနဲ့ အိမ်နီးနားခြင်း   နိုင်ငံတွေ ရဲ့လစာနဲ့  ဒီနိုင်ငံမှာရနေတဲ့လူတွေရဲ့ လစာခြားနားမှုဟာ အတိုင်းအတာ တစ်ခုအထိ ရှိနေပါတယ်ဟု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးချစ်ခိုင်က ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုဥပဒေတွေ ပြဌာန်းပြီးပါက  ဥပဒေအပေါ်မူတည်၍ နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာသည့်အခါ အလုပ်နှင့် လစာနှုန်းထားများအနေဖြင့်လည်း အလိုလျောက် တိုးတက်လာမည်ဖြစ်ပြီး   နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်ပါက ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း ရှင်တွေအနေဖြင့်လည်း လုပ်ခလစာများကို ပြန်လည်သတ်မှတ်ရန် ပြင်ဆင်ထား သင့်ကြောင်း ၎င်းက အကြံပြုပြောကြား ခဲ့သည်။
 
သူတို့ဘက်က ပေးလာမယ့်လစာနဲ့ ဒီဘက်က လူတွေကလည်း ဒီအတိုင်းထိုင်နေလို့ မရပါဘူး။ သူတို့လည်း ပေးနိုင်အောင်   ပြင်ဆင်ရမယ် ပေးနိုင်အောင် စီးပွားရေးအောင်မြင်ဖို့အတွက်လည်း ကြိုးစားကြရမယ်ဟု ဦးချစ်ခိုင်က ထပ်မံပြောကြားခဲ့သည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေမှာ နှစ်စဉ်လူဦးရေတစ်သန်းဝန်းကျင်ရှိကြောင်းကိုလည်း AGDဘဏ်မှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ 
 
အရည်အချင်းတူမယ်ဆိုရင် ဘယ်နိုင်ငံသွားသွား ဒီလစာအတူတူပဲ ပေးရမယ်ဆိုတဲ့ AEC မူဝါဒတွေ ပါ ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ က အနာဂတ်မှာ လက်ရှိထက်ပိုပြီးတော့ ဝင်ငွေတိုးလာစရာ ရှိတယ်ပေါ့၊ အလွှာသီးသီးပါ၊ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့ ၀င်ငွေလည်းများလာတဲ့အခါမှာ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုလာတဲ့အတွက် လက်ရှိထက်တော့ မနိမ့်ပဲနဲ့ အနိမ့်ဆုံး ကနေပြီးတော့ အလတ်စားအသီးသီးမှာ သူတို့လက်ရှိဝင်ငွေထက် ပိုမြင့်လာလိမ့်မယ်လို့ မြင်ပါတယ်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးနှင်းဦးက လုပ်ခလစာနှင့်ပတ်သက်၍  သုံးသပ်ပြောကြားသည်။
 
လက်ရှိ ရန်ကုန်မြို့အတွင်းရှိ ကွန်ပြူတာလုပ်ငန်းတွင်ကျွမ်းကျင်သူပညာရှင်တစ်ဦး၏ တစ်လ လုပ်ခ နှုန်းထားသည် စင်္ကာပူနိုင်ငံမှ ရိုးရိုးသာမန်အောက်ခြေလုပ်သားတစ်ဦးတစ်ဦး၏ တစ်လ၀င်ငွေထက် ငါးဆနီးပါးလျော့နည်းနေသည်ကို တွေ့ရသည့်အပြင် အလုပ်သမားတစ်ဦး၏ အခြေခံရပိုင်ခွင့်များကို အပြည့်အ၀ခံစားနိုင်ခွင့်မရှိကြောင်းကိုလည်း သိရှိရသည်။

ထို့အခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း စင်္ကာပူနိုင်ငံ သို့ Air-Con Servicing လုပ်ငန်းသွားရောက် လုပ်ကိုင်နေသည့် ကိုစိုးထိုက်အောင်က ဆိုသည်။
 
ဒီမှာနေတုန်းကရတဲ့ လစာက တစ်လကို ငါးသောင်းခွဲနဲ့ အောက်ဆိုဒ်ကြေးက နည်းနည်းဆိုတော့ အိမ်ပေး ဖို့ မလောက်တဲ့အပြင် ကိုယ့်စရိတ်ကိုယ်မနည်းလောက်အောင် သုံးနေခဲ့ရတာ။ ပြည်ပမှာ အလုပ်သွား လုပ်တော့  နေစရိတ် စားစရိတ်နဲ့ ကိုယ်သုံးဖို့အပြင် အိမ်ကို အနည်းဆုံးတစ်လ နှစ်သိန်းခွဲ သုံးသိန်းလောက် ပြန်ပို့နိုင်တယ်ဟု ၎င်းက အတွေ့အကြုံကို ပြောကြားခဲ့သည်။
 
လက်ရှိအချိန်တွင် လုပ်ငန်းအသီးသီးမှကျွမ်းကျင်ပညာရှင်များမှာ ၎င်းတို့အရည်အချင်းနှင့် ကိုက်ညီသည့် လစာနှုန်းထားများအား မရရှိနိုင်သောကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် အနောက်နိုင်ငံများတွင် သွားရောက် လုပ်ကိုင်နေကြသည်မှာ မြန်မာနိုင်ငံတွင် လုပ်အားဆုံးရှုံးမှုများ များစွာ ဖြစ်ပေါ်လျက်ရှိကြောင်း စီးပွားရေး သုတေသီများက သုံးသပ်ကြသည်။

 ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup on 29 Sep, 2012

No comments:

Post a Comment