Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

ကမ္ဘာ့စနစ်( World Order) များက မြန်မာပြည်အပေါ် သက်ရောက်မှုများ



(တစ်)
ပဒေသရာဇ်ခေတ်က “ကမ္ဘာ့စနစ်” မရှိပါ။ ရှိလည်း မရှိနိုင့်ပါ။ ဒေသန္တရစနစ်များတော့ရှိသည်။
ဗမာပြည် အနေနှင့်ဆိုလျှင် မိမိပတ်ဝန်းကျင်ဒေသန္တရစနစ်၏ သက်ရောက်မှုရှိခဲ့သည်။

ဗမာပြည်၏ ပထ၀ီအနေအထားက တမူထူးခြားသည်။ ထို့ကြောင့် သက်ရောက်မှုလည်း(ရှေးအခါက တည်းက) တမူထူးခြားသည်။ မြေပြင်မှ လာသော ကျူးကျော်မှုကို ကြုံဖူးသလိုရေပြင်မှလာသော ကျူးကျော်မှုကိုလည်း ကြုံရဖူးသည်။ တရုတ်ပြေးမင်းက မွန်ဂိုကျူးကျော်မှုကြောင့် ပြေးရသည်။ ဒါက မြေပြင်မှ ကျူးကျော်မှုဖြစ်သည်။ ကုလားကျမင်းက ကုလားကျူးကျော်မှုကြောင့် “ကျ” ရသည်။ ဒါက ရေပြင်က လာတာဖြစ်သည်။ ကုလားဆိုသည်မှာအိန္ဒိယမဟုတ်။ သီဟိုဋ်ဟုဆိုသည်။ ဟုတ်နိုင်ပါသည်။ အိန္ဒိယ မဟုတ်နိုင်ပါ။ အိန္ဒိယကအနောက်ဘက်ကိုပဲ မျှော်ကြည့်နေရသည့်ခေတ်ဖြစ်သည်။


ဗမာပြည်ကို “ကမ္ဘာစနစ်”နှင့် စတင်မိတ်ဆက်ပေးသူမှာ ပေါ်တူဂီငဇင်ကာ ဟုဆိုနိုင်သည်။အိန္ဒိယသမုဒ္ဒရာ ကို စိုးမိုးသူကသာ ဗမာပြည်ကိုရေပြင်မှ ကျူးကျော်နိုင်သည်။ ထိုအခါကအိန္ဒိယသမုဒ္ဒရာကို ပေါ်တူဂီခေတ္တ စိုးမိုးချိန် ဖြစ်သည်။ ငဇင်ကာကျူးကျော်မှုက အကင်းသာဖြစ်သည်။ တကယ့်ကျူးကျော်မှုကို လုပ်နိုင်တာက အင်္ဂလိပ် ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာကိုစိုးမိုးသူအစစ်အမှန်၊ ကြာရှည်လည်း စိုးမိုးသူမှာ အင်္ဂလိပ်ဖြစ်သည်။ ဗမာပြည်လည်းကိုလိုနီလုံးလုံးဖြစ်ရသည်။ ခဏမဟုတ်။ ရာစုနှစ်တခုကျော်သည်။ “ကမ္ဘာ့စနစ်”နှင့်စတင်တွေ့ရတာဖြစ်သည်။ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း၊ ကြမ်းတမ်းလှသည်။

(နှစ်)

နောင်အခါတွင် “ကမ္ဘာ့စနစ်” အကျပ်တွေ့တိုင်း ဗမာပြည်ပတ်သက်ရမြဲ ဖြစ်သည်။ ပထမနှင့်ဒုတိယ ကမ္ဘာစစ်မှာ ပါဝင်ပတ်သက်ရသည်။ ထိုစစ်မှားမှာ “ကမ္ဘာ့စနစ်ဟောင်း”ကို ကာကွယ်ထိန်းသိမ်းသူနှင့် စိန်ခေါ်သူ၏ စစ်ဖြစ်သည်။ ပထမကမ္ဘာစစ် စစ်မြေပြင်က သေးသဖြင့် စစ်ဒဏ်သိပ်မခံရ၊ ဒုတိယ ကမ္ဘာ စစ်တွင်ကား မလူးသာ မလွန့်သာခံရသည်။ ရှေ့တောင်အာရှတွင်ဘယ်တိုင်းပြည်မှ ဗမာပြည်လောက် မခံလိုက်ရပါ။“ကမ္ဘာစနစ်” အပြောင်းအလဲအတွက်စစ်တိုက်ကြရာတွင်ဗမာပြည်၏ ပထ၀ီအနေ အထား ကြောင့်သူများထက်ပိုခံရသည်။

(သုံး)

“စစ်အေးခေတ်ကမ္ဘာ့စနစ်” ကျတော့ တမျိုးဖြစ်သည်။ ဟိုတုန်းက စစ်ဒဏ်ကိုခံရတာကကိုယ့်ဘာသာ ဆုံးဖြတ် နိုင်ခွင့်မရှိလို့၊ အင်္ဂလိပ် ကိုလိုနီဖြစ်လို့၊ သူစစ်တိုက်လျှင်ကိုယ်ကပါရမြဲဖြစ်လို့၊ ခံရတာဖြစ်သည်။ (ဂျပန့်ကိုလိုနီခဏတဖြုတ်ဖြစ်တော့လည်း အင်္ဂလိပ်ကိုစစ်ကြေညာတာ လုပ်လိုက်ရသေးသည်။
ဗမာပြည်က လွတ်လပ်တော့ စာချုပ်စာတမ်းအရ လွတ်လပ်တာဖြစ်လို့၊ အင်္ဂလိပ်နှင့်ချက်ကြိုး မပြတ်။ ထို့ကြောင့် ကိုရီးယားစစ် တိုက်တုန်းက ရောယောက်ပါလိုက်ရသေးသည်။သို့သော် စတိသာပါသဖြင့် ကိုရီးယား စစ်မြေပြင်တွင် မနာလိုက်ပါ။ နာတာက ဗမာပြည်စစ် မြေပြင်တွင် ဖြစ်သည်။ စစ်ပြေး KMT တပ်ကြွင်းတပ်ကျန် များက တတိယကမ္ဘာစစ် ဖြစ်တော့မည်ဆိုပြီးစိတ်ဓာတ်တက်သည်။ တရုတ်ပြည်ပြန်ရဖို့ ဒုတိယစစ်မျက်နှာ ဖွင့်တော့မလို လုပ်သည်။ဗိုလ်ချုပ်ကြီး “မက်အာသာ”သာ မပြုတ်လျှင်၊ အမေရိကန်နှင့် တရုတ်ကြားတွင် ဗမာပြည်မှာစစ်မြေပြင်ဖြစ်ရဖို့ရှိသည်။ စစ်မြေပြင်သာ ဖြစ်လျှင်၊ ဗမာပြည်သက်သာမည် မဟုတ်။ ဒုတိယကမ္ဘာစစ်ကထက် ဆိုးလိမ့်မည်။ သို့သော်“စစ်အေးကမ္ဘာ့စနစ်” ကိုဆူပါ ပါဝါများက ထိန်းသိမ်းလိုက်ကြသဖြင့်သက်သာသွားသည်။

တရုတ်နှင့် အိန္ဒိယ အစိုးရများသည် မအူမလည် ဖဆပလအစိုးရကို ထိန်းပေးမှ ဖြစ်တော့မည်ဟု
သဘောပေါက်သွားသည်။ မူကြီး ၅ ချက်တို့၊ ဘန်ဒေါင်းမူ ၁၀ ချက်တို့ဖြင့် ထိန်းပေးလိုက်သည်။ဗမာ ပြည် အစိုးရ ဣနြေ္ဒရသွားသည်။ နိုင်ငံ၏ဂုဏ်သိက္ခာလည်း တက်သည်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ဗမာပြည်မှ ဦးသန့်ကို အရွေးခံရသည်အထိ ဂုဏ်သိက္ခာတက်ခဲ့သည်။ ကြားနေနိုင်ငံသာ မဟုတ် လျှင်၊ ထိုသို့ဖြစ်ဖို့မလွယ်ပါ။ ဦးနုဖဆပလ အစိုးရကိုကျေးဇူးတင်သင့်သည်။


(လေး)

“စစ်အေးစနစ်”သည် တည်ငြိမ်လှသည်မဟုတ်။ တနေ့ရွှေ တနေ့ငွေ ဖြစ်သည်။“နယ်ချဲ့ကမ္ဘာ့စနစ်” တုန်းကလို ငြိမ်ဝပ်ပိပြားနေသည် မဟုတ်ပါ။ စစ်အေးကနေစစ်ပူသို့အချိန်မရွေး ပြောင်းသွားနိုင်သည်။

ဗိယက်နမ်စစ်သည် စစ်အေးမှ စစ်ပူသို့ ဒေသန္တရသဘော ပြောင်းသွားခြင်းဖြစ်သည်။ဗီယက်နမ်စစ်ကနေ အာရှစစ်၊ အာရှစစ်ကနေ ကမ္ဘာစစ်သို့ ပြောင်းမလိုလိုတကဲကဲဖြစ်သည်။

“ဗီယက်နမ်စစ်”ဟု ခေါ်နေကြရသော်လည်း၊ စစ်က ဗီယက်နမ်တွင်သာ ကန့်သက်ထားတာမဟုတ်၊ အရှေ့တောင်အာရှစစ်သို့ ပြောင်းနေသည်။ ထိုစစ်ပွဲတွင် ထိုင်း၊ ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊မလေးရှား၊ စင်္ကာပူ တို့ ကြားမနေကြပါ။ အမေရိကန်ဘက်သို့ ပါကြသည်။ ပါဝင်မှု ဒီဂရီသာ ကွာကြသည်။ ပါသဖြင့် အမေရိကန်ထံမှ ဆုလာဘ်ရသည်။ သူတို့တတွေကို “ကျားနိုင်ငံ”များဖြစ်စေသော အခြေခံကို ရသွားစေ သည်။ နိုင်ငံတော်တော်များများက သူတို့ကို အားကျကြသည်။အားကျကြတာလည်း မဆန်းပါ။ အမေရိကန် ၏ ဆုလာဘ်က မက်စရာကောင်းသည်။ တအောင့်တမရသည်။ ဒေါ်လာ လီလျံချီ၍ရသည်။

နေ၀င်းလည်း အားကျသည်။ “စစ်အစိုးရ” တိုင်းတွင် ရောဂါတမျိုးရှိသည်။ သူတို့ခေတ်တွင်တိုင်းပြည် တဟုန်ထိုး တိုးတက်သွားရမည်ဟူသော ဆန္ဒစွဲရှိကြသည်။ ထိုရောဂါထသဖြင့်နေ၀င်းသည် “ကြား” မနေချင်တော့ပါ။ ဘက်လိုက်ချင်လာသည်။ ဗမာပြည် ကွန်မြူနစ်ဆန့်ကျင်ရေးလောက်သာ လုပ်နေလျှင်၊ အမေရိကန်အကူအညီ မစို့မပို့သာ ရမည်။ တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး လုပ်လိုက်လျှင် တအောင့်တမ ရမည်ဟု တွက်သည်။ ရလျှင် ယိုးဒယားလို၊ စင်္ကာပူလို၊မလေးရှားလို၊ အင်ဒိုနီးရှားလို ဖြစ်မည်။ ထို့ကြောင့် အကွက်ကောင်းစောင့်ပြီး၊ တရုတ်ကွန်မြူနစ်ဆန့်ကျင်ရေး (တရုတ်အစိုးရ ဆန့်ကျင်ရေး) ကို၁၉၆၇ တွင်လုပ်လိုက်သည်။

နေ၀င်းက တအောင့်တမ ငွေကြေးဆုလာဘ်ကိုမျှော်ကိုးတာသာမက ပုဂ္ဂလိက အာဃာတအတွက် ဆုလာဘ်ကိုလည်း မျှော်ကိုးပုံရသည်။ ဦးနု ၁၉၆၀ ရွေးကောက်ပွဲနိုင်အပြီးတွင် ဦးသန့်ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ်နေရာ ရသည်။ ၁၉၆၁ ခုနှစ်တွင် ရခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင်နေ၀င်းက ဦးနုကို အာဏာချနိုင်သော်လည်း ဦးသန့်ကို သြဇာချမပစ်နိုင်ခဲ့။ မူကြီး ၅ ချက်ကိုဖျက်၊အမေရိကန်ဘက် အပြတ် လိုက်ခဲ့လျှင်၊ ဦးသန့်နေရာ၌ လူစားထိုးခွင့်ရမည်ဟုထင်ခဲ့သည်။ ဒါက ‐ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲ တမ်းအဖ့ဝွဲ င် ၅ နိုင်ငံ သဘောတူလျှင် ဖြစ်နိုင်သည်။ တရုတ်ကွန်မြူနစ်အစိုးရကနေရာမရသေး။ (၁၉၇၁ ခုနှစ်ကျမှ ရ သည်) ဆိုဗီယက်က “ဆိုရှယ်လစ်တော်လှန်ရေး” လုပ်နေသောနေ၀င်းကို ပစ်ပီး ထောက်ခံနေသည်။ ထို့ကြောင့် ထိုစိတ်ကူး လက်တွေ့ဖြစ်နိုင်ချေရှိသည်။

သို့သော် နေ၀င်း၏စိတ်ကူး အကောင်အထည်မပေါ်ခဲ့ပါ။ ပထ၀ီက စကားပြောသွားသည်။အင်ဒိုနီးရှားမှာ၊ မလေးရှားမှာ ဘက်ပြောင်းသွားသော အစိုးရများရဲ့ အသတ်ခံရတဲ့ တရုတ်တွေကထောင်သောင်းချီရှိ သည်။ နေ၀င်းသတ်နိုင်တာက ဆယ်ဂဏန်း၊ ရာဂဏန်းသာရှိသည်။သို့သော် အင်ဒိုနီးရှား၊ မလေးရှားကို တရုတ်က ဒဏ်မခတ်နိုင်ပါ။ ဝေးလှသည်။ ဗမာပြည်ကတော့ခြံစည်းရိုးသာခြားသည်။ ထို့ပြင် ဗကပ ပညာသင်များ တရုတ်ပြည်ထဲတွင် ရာချီရှိသည်။ ကချင်သီးခြားတိုင်းပြည်ထူထောင်ရေး မအောင်မြင်၍ ပြေးဝင်လာသော နော်ဆိုင်းတပ် လည်း ရာချီရှိသည်။ ဗကပပညာသင်များက “မူကြီး ၅ ချက်”ကြောင့် တရုတ်ပြည်တွင် သောင်တင်နေသည်။ နေ၀င်းသာ“မူကြီး ၅ ချက်” စည်းရိုးကိုချိုးမပစ်လျှင်တရုတ်ပြည်တွင် အရိုးထုတ်ကြရမည်။

နေ၀င်းက “မူကြီး ၅ ချက်”ကို ရိုက်ချိုးလိုက်သဖြင့်၊ အရှေ့မြောက် စတင်ပေါ်လာသည်။ ထိုအခါထောင်ထဲ ရောက်နေသော ဗိုလ်အောင်ကြီးက “ကိုးကန့်နဲ့ ပဲခူးရိုးမ ဟိုချီမင်းလမ်းဖောက်ခွင့် မပေးလိုက်ပါနဲ့။
အမြန်သွားတောင်းပန်ပါ” ဟု ဗိုလ်နေ၀င်းကို အကြံပေးသည်။ ဦးနုနဲ့သူ့ကို တရုတ်ပြည်သွားတောင်းပန်ဖို့
လွှတ်ပါဟု တောင်းဆိုသည်။ တရုတ်ပြည်က ပြန်လာပြီးလျှင် ထောင်ထဲပြန်ထည့်ချင်ထည့်ပါဟုဆိုသည်။

တောင်းပန်တဲ့အလုပ်များ သူတို့သာ လုပ်တတ်တာမဟုတ်၊ ငါလည်း လုပ်တတ်တာပဲဆိုပြီး၊နေ၀င်း တရုတ်ပြည် ကွန်မြူနစ်အစိုးရထံအခေါက်ခေါက်သွားပြီး တောင်းပန်သည်။ဤလိုနှင့်ကျေအေး လိုက်ကြ သည်။ “မူကြီး ၅ ချက်” မူပေါ်သို့ ပြန်ရောက်တော့မလိုလို ဖြစ်သည်။သို့သော်နေ၀င်းက (၈၈၈၈) အရေးတော် ပုံကြောင့် မလုပ်လိုက်ရ။ န၀တကျမှလုပ်နိုင်သည်။


(ငါး)

စစ်အေးခေတ်အလွန်၊ ကမ္ဘာ့စနစ်ဟောင်းမရှိတော့ပါ။ သို့သော် စနစ်သစ်က မပေါ်သေး၊ဆိုဗီယက်က စစ်ရှုံးတာ မဟုတ်။ သူ့အတတ်နှင့် သူစူးပြီး ပြိုသွားခြင်းဖြစ်သည်။

အရင့်အရင်ဖြစ်မြဲမှာ ကမ္ဘာ့စနစ်အတွက်စစ်တိုက်ကြ။ အရှုံးအနိုင်ဖြစ်ကြ။ ရှုံးသူက အပြတ်ရှုံး၊နိုင်သူ က အပြတ်နိုင်။ ထိုအခြေအနေရောက် မှစနစ်သစ်ချမှတ်ခြင်း ဖြစ်သည်။

စနစ်သစ်ချလျှင် ရှုံးသူ မပါရ။ စကားပြောခွင့်တောင်မရှိ။ စစ်အေးခေတ်စနစ်မှာ ဤနည်းဖြင့်ပေါ်လာ ခြင်းဖြစ်သည်။ ကုလသမဂ္ဂသည် စစ်အေးခေတ်၏ အဆောက်အဦးဖြစ်သည်။ သူ့ဖွဲ့စည်းပုံနှင့်လည်ပတ် ပုံ ကြည့်လျှင်ရှင်းသည်။ စစ်နိုင်သူက ဖ့သွဲ ည့် အခြေခံချင်းမတူသည့် စုပေါင်းစပ်ပေါင်းမဟာမိတ်အဖ့ြွဲဖစ် သည်။ ထို့ကြောင့် ထိန်းညှိထားရသည်။ ကြီး ၅ ကြီးကို ဗီတိုအာဏာ ပေးထားရသည်။
ကြီး ၅ ကြီးထဲပါသော တရုတ်ပြည်က ကိုလိုနီတပိုင်းနိုင်ငံဖြစ်သည်။ ပါတုန်းကတော့ အမေရိကန်၏
သြဇာခံအဖြစ် ပါတာဖြစ်သည်။ သို့သော် ၁၉၄၉ ခုနှစ် တွင်တရုတ်ပြည်က ပုံစံပြောင်းသွားသည်။
ထို့ကြောင့် ကြီး ၅ ကြီးထဲက တရုတ်ပြည် အနေအထားက ကမောက်ကမ ဖြစ်နေသည်။ ၁၉၇၁
ခုနှစ် ရောက်မှပုံမှန် ပြန်ရောက်သည်။ ပြန်ရောက်ဖို့အမေရိကန် ‐ တရုတ်အတော်စေ့စပ်လိုက်ရသည်။
(ကျော်ဝင်း ဘာသာပြန်တဲ့ “စပယ်ဖြူ” ထဲက “စကားဝိုင်း” ဘာသာပြန်များကို ကြည့်ပါ။)

သင်ခန်းစာယူဖို့မှာာ စနစ်ပြောင်းချိန်တိုင်းတွင် ဗမာပြည် ဒုက္ခတွေ့တတ်သည်။ ယခု စနစ်ပြောင်းနေချိန် ဖြစ် သည်။မမေ့ မလျော့ မပေါ့ကြဖို့လိုသည်။ ကမ္ဘာ့စနစ် ပြောင်းချိန်နှင့် ဗမာပြည်၏အုပ်ချုပ်ရေး စနစ် ပြောင်းချိန်လာ၍ တိုက်ဆိုင်နေသဖြင့် ပိုပြီး သတိရှိသင့်သည်။ အမြော်အမြင်ရှိသင့်သည်။

(ခြောက်)

ဗမာပြည်၏ အုပ်ချုပ်ရေးစနစ်ပြောင်းလဲချိန်က သူများနှင့်မတူပါ။ ကြာလွန်းလှသည်။ ၁၉၉၀ရွေးကောက်ပွဲ အပြီးက စတွက်လျှင်ပင်‐‐ ရှိပြီ။ ဗမာပြည်လူထုကတော့ ကိုယ့်ကိစ္စဖြစ်၍ စိတ်ရှည်နိုင်ကြသည်။နိုင်ငံကြီးများ စိတ်မရှည်ကြတော့။ စစ်အုပ်စုက ဒါကို သိသည်။ ဒါ့ကြောင့်အချိန်ဆွဲလို့ရသမျှဆွဲသည်။

ဤတွင် ဗမာပြည်၏ထူးခြားချက်ကို ပြောဖို့လိုသည်။ ၁၉၄၉ ‐ ၅၀ တွင် ဖဆပလ အစိုးရ ဘေးကျပ်နံကျပ်
ဖြစ်နေချိန်က ၀င်ကယ်ကူတာ အိန္ဒိယ အစိုးရဖြစ်သည်။ နောက်ကျမှ အိန္ဒိယနဲ့ တရုတ်အစိုးရ ဦးစီးမှုဖြင့်
၈၉ အကျပ်အတည်းကျတော့ တရုတ်နဲ့ ASEAN ၀င်ကယ်သည်။နောက်အိန္ဒိယ ပါလာသည်။ ယခုကျတော့
EU ပါလာပြီ။ အမေရိကန်ပဲ ကျန်သည်။

အမေရိကန်ကျန်တာကလည်း သူထူထောင်ချင်သည့် ၀င်ရိုးတခုအတွက် အသုံးတည့်၍ ကျန်နေခြင်း ဖြစ်သည်။အကောင်းကျန်ခြင်း မဟုတ်ပါ။ ဗမာပြည်တွင် ဒီမိုကရေစီ အောင်မြင်စေချင်တာထက် လက်ကျန် တရုတ်ကွန်မြူနစ်အစိုးရကို “ခွေ” ထားချင်တာက အဓိကဖြစ်သည်။ များမကြာခင်က အသံတခုကြား လိုက်ရသည်။ဗမာပြည်မှာ ဒီမိုကရေစီရေး အောင်မြင်ဖို့ဆိုလျှင်၊ တရုတ်ပြည်ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးကို အရင်လုပ်ရမည် ‐ ဟူသော အသံဖြစ်သည်။ ဘာသဘောနဲ့ ပြောသလဲ မသိပါ။ ထိုင်ဝမ်မှ အထောက်အပံ့ကိုလိုချင်၍လော။ (ထိုင်ဝမ်မှာ နိုင်ငံခြားအရံငွေ ပေါသည်။)

ကမ္ဘာ့စနစ်အပြောင်းအလဲဖြစ်ချိန်တိုင်းတွင်ဗမာပြည်အနေနှင့် သတိနှင့်နေရပါမည်။ အနေမတတ်ဘဲ
‐ အာဏာပလ္လင်ပေါ်က မဆင်းချင်ရုံသက်သက်ဖြင့် (စစ်အုပ်စုလို) အမေရိကန်ဆန့်ကျင်ရေး လေလုံးထွား
နေတာမျိုး မလုပ်သင့်ပါ။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်း စေ့စပ်ပါဟုပြောနေသော အမေရိကန်ကို
ဆန့်ကျင်ဖို့မလိုပါ၊ ကြိုဆိုရမည်။

တဖက်ကလည်း အမေရိကန်အကြိုက် ကမ္ဘာ့စနစ်သစ်အတွက်မဆီမဆိုင် ကြားက၀င်ပြီး “တရုတ်ပြည်မှာ
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အရင်လုပှ် ရမည်” ဟု မပြောသင့်ပါ။ ကျွဲ ၂ ကောင်က ခတ် မခတ်
မသေချာပါ။ သူတို့ချင်း စေ့စပ်တတ်ပါသည်။ ကမ္ဘာ့သမိုင်းမှ စေ့စပ်ခဲ့ပေါင်း များလှပါသည်။ ကြားကကော
ကျန်ရစ်တတ်ပါသည်။

- ထွန်းသော်

No comments:

Post a Comment