
သူတို့ ပြန်လာကြလေပြီ။ သူတို့ဆိုတာ 'ကျောင်းသားတပ်ဖွဲ့'လို့ ပြောနိုင်တဲ့ ABSDF အဖွဲ့ကြီးရဲ့
ဥက္ကဋ္ဌဟောင်း များ ဖြစ်ကြတဲ့ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့ အပါအ၀င် ဖြစ်တဲ့လူတစ်စုပါပဲ။ သူတို့ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလဆန်းမှာ ပြည်တော်ပြန်လာကြတယ်။ သူတို့ကို ခရီးဦးကြိုပြုလိုက်တာကတော့ '၉၂ ပါဂျောင် ရှင်းတမ်း' ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် သြဂုတ်လ ၃၁ ရက်မှာ အေဘီမြောက်ပိုင်းပြန် ရဲဘော်များက ၁၉၉၂ ပြည်ထောင်စုနေ့ လူသတ်ပွဲ ကြီးအကြောင်းကို'၉၂ ပါဂျောင်ရှင်းတမ်း' အဖြစ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ မြောက်ပိုင်းဒေသက ABSDF
အတွင်း ကျောင်းသားစစ်စစ်တွေကို 'ထောက်လှမ်းရေး'လို့ စွပ်စွဲပြီး ငရဲသားတွေက အဘခေါ် ရလောက်အောင်နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခဲ့ပုံတွေကို ကျွန်တော်တို့ ကြားသိခဲ့ပြီးဖြစ်ပါတယ်။ ပြောရရင် ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ကျောင်းသားတွေ တောခိုသွားခဲ့ကာ ABSDF အဖွဲ့ ပေါ်လာပုံကစပြီး ABSDF ဖရိုဖရဲပြိုကွဲသွားပုံအထိ ကျွန်တော်တို့ မျက်ခြည်မပြတ်ခဲ့ပါ။
၉၂ ပါဂျောင်ရှင်းတမ်းရဲ့ နိဒါန်းအစလို့ ဆိုနိုင်တဲ့ ပန်းချီထိန်လင်းရဲ့ 'ကျွန်တော် လူကက်ဆက်' ရင်ဖွင့်
ဖော်ထုတ်ချက် စာတမ်းကို ၁၂ဖေဖော် ၀ါရီ ၂၀၁၂ ခုနှစ် နေ့စွဲနဲ့ အွန်လိုင်းပေါ်က ရခဲ့ပါတယ်။ နောက်တော့Pupular New တဂျာနယ်နဲ့ Messenger ဂျာနယ်တွေမှာ တရားဝင်ဖော်ပြလာတာ ဖြစ်ခဲ့ရပါ တယ်။ ပန်းချီထိန်လင်း ကောက်ကြောင်း အပိုင်းအစမျှခြစ်ရာပေးလိုက်တဲ့အပေါ်မှာ စုတ်ချက်ကြမ်းကြမ်းနဲ့ သွေးရောင်လွှမ်းတဲ့ အနိဋ္ဌာရုံ ရုပ်ပုံများအဖြစ်'အောင်မိုးဝင်းရေးတဲ့မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို'ရှာဖွေတွေ့ရှိခဲ့ပြီး ရင်တလှပ်လှပ် စုတ်တသပ်သပ် ဖတ်ခဲ့ရပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကိုအောင်မိုးဝင်းရဲ့ 'အရိုးတွန်သံများ'စတင် ပဲ့တင်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်ပြည်ထောင်စုနေ့ အကြို ဖေဖော်ဝါရီလ ၁၁ ရက်အထိဆိုရင် အရိုးတွန်သံများ (အပိုင်း-၉)
အထိ အတော်အသင့် ပြည့်စုံတဲ့ သမိုင်းမှတ် တမ်းများဆက် ဖတ်ခွင့်ရခဲ့ပါတယ်။ မြောက်ပိုင်းမှာ ဖြစ်ခဲ့
တာတွေကို တောင်ပိုင်းနဲ့ ဆက်စပ်ကြည့်နိုင်အောင်ကိုထက်အောင်ကျော်ရဲ့ 'သူပုန်ကျောင်းသားတစ်ဦးရဲ့
မာရသွန်ခရီး' ဆိုတဲ့ စာတမ်းရှည်ကြီးကိုလည်း ရှာဖွေလေတွေ့ရှိလေဆိုတာ လို ဖတ်မှတ်ခဲ့ရပြန်ပါတယ်။
၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ ၂၃ကနေ ၂၀၁၂ုခုနှစ် ဇွန်လ ၇ ရက်အထိ (အပိုင်း ၁၉ မှ၃၃ အထိ)
အေဘီ-တောင်ပိုင်းရဲ့ ပုံရိပ်များကို စိတ်ဝင်တစားဖတ်မှတ်ခဲ့ရပါတယ်။
အဲဒီနောက်တော့ အားလုံးပဲ မြည်းစမ်း ဖတ်ရှုပြီးဖြစ်လောက်တဲ့ မောင်မောင် (ရွှေကရ၀ိတ်) ရဲ့
'ဟင်္သာ ကိုးသောင်းပုံပြင်' စာအုပ်၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ စာပေစိစစ်ရေး ခွင့်ပြုချက်နဲ့ တရားဝင်
ထုတ်ဝေလာပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ရှုမြင်သုံးသပ်ချက်ကို၆-၇-၁၂ ထုတ်
'မန္တလေးအလင်းဂျာနယ်'မှာ ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော် ကြားသိဖတ်မှတ်ခဲ့ရတာတွေကို အနှစ်ချုပ်ကြည့်လိုက်တော့ အေဘီမြောက်ပိုင်းလူသတ်ပွဲကြီး ရဲ့ တာဝန်ရှိသူ တစ်ဦးအဖြစ် 'ဒေါက်တာနိုင်အောင်'ရဲ့ အမည်ကို တညီတညွတ်တည်းဖော်ပြ ထားတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တွေ့ရှိ သိမြင်သကဲ့သို့ပင် ကျွန်တော့်ထက် သိမြင်နိုင်စွမ်းအား
အဆမတန်ပို၍ ကြီးမားသော နိုင်ငံတော်အစိုးရကလည်း ဧကန် မုချသိနေမှာပါပဲ။ ဒီလိုအခြေအနေမှာ
ဒေါက်တာနိုင်အောင်နဲ့ ချိတ်ဆက်ပြီး လက်ကမ်းခဲ့တာဟာ နိုင်ငံတော်ရဲ့ သဘောထားကြီးပုံကို
ပြတာလား၊ ဘာလားညာလား စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။
မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများကတော့ ' . . . မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေ သည့်ဒေါက်တာနိုင်အောင် အပါအ၀င် လူပုဂ္ဂိုလ် ၁၃ ဦးကို ညှဉ်းပမ်း သတ်ဖြတ်မှုများအတွက် တာဝန်ရှိ သူများဖြစ်ကြောင်း စွပ်စွဲထားသည်။ ယင်း ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ရန်
ကြိုးစားနေကြောင်း၊ အမှုဖွင့်ရာတွင် အခြားသူများအား စွပ်စွဲတိုင်ကြားသည့်အမှုကိုလက်ခံခဲ့သော် လည်း ဒေါက်တာနိုင်အောင် အမည်တပ်ကာ စွဲဆိုသော အမှုကို ခွင့်မပြုသေးကြောင်း . . .
' ၆ စက်တင်ဘာ၂၀၁၂ ထုတ် ၇ ရက် သတင်းဂျာနယ် စာမျက်နှာ ၂၇ မှာ ဖော်ပြထားပါတယ်။
အမှုဖွင့်တာကို ခွင့်မပြုဆိုတဲ့ အကြောင်းအရာကို တရားဥပဒေ စိုးမိုးရေးလို့ ကြွေးကြော်နေသူများ၊
အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူများက ထူးခြားဖြစ်စဉ်အဖြစ် မှတ်တမ်းတင်ထားစေချင်ပါတယ်။
(အေဘီ-မြောက်ပိုင်း လူသတ်ပွဲ သမိုင်းရှင်းတမ်းက သူ့လမ်းသူထွင်ပြီး ဆက်လျှောက်သွားနိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။)
အခု ကျွန်တော် ဆွေးနွေးချင်တာကတော့ ဒေါက်တာနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ရဲ့ ဂျာနယ်တွေထဲက
အင်တာဗျူးအဖြေ စကားများအပေါ် မြော်မြင်သုံးသပ်ကြည့်ချင်တာပါပဲ။ သူတို့နှစ်ယောက်လုံးဟာ အေဘီရဲ့ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်နေခဲ့တာကို ကြည့်ရင် အေဘီမှာနေရာ (အာဏာ) လုခဲ့တာထင်ရှား သိသာလှပါတယ်။
ပြီးတော့ သူတို့နှစ်ယောက် ခေါင်းဆောင်တွေဖြစ်ပါလျက်နောက်လိုက်တွေကို စွန့်ခွာခဲ့သူများအဖြစ်လည်း
တွေ့မြင်ခဲ့ရပါတယ်။ သူတို့ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းကို ကျောခိုင်းခဲ့သူများလို့လည်း ဆိုနိုင်ပါတယ်။
ဒီနေ့ မြန်မာပြည်မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် သူတို့ ပါဝင်လုပ်ဆောင်မယ်လို့
ပြောနေပါ ပကောလား။ ကယားပြည်နယ် လောပိတက လျှပ်စစ်မီးထုတ်ယူပြီး ကယားပြည်နယ်ကိုတော့
မှောင်ကြီးချခဲ့တာတွေ၊ ရခိုင်ကျောက်ဖြူဒေသက စွမ်းအင်တွေ တရုတ်ကို ရောင်းစားလိုက်ပြီး ရခိုင်ဒေသ
မှောင်ကြီးကျနေတာတွေ စသည်ဖြင့် ဒါတွေကို ဗမာပြည်သူ အများစုကြီးကလည်း တိုင်းရင်းသားတွေနဲ့
ထပ်တူ မလိုလားကြပါဘူး။
'သမဂ္ဂါနံတပေါသုခေါ'လို့ ဘုရားဟောခဲ့တာပဲ။ လိုရင်းအဓိပ္ပာယ်ကတော့'ဦးညွတ်မှ ချမ်းသာမည်'
ဒီတော့ ကိုယ့်သမိုင်းကိုယ်ပြန်ကြည့်လိုက် စမ်းပါ။ ကျောင်းသားထုကြီးရဲ့ ညီညွတ်ရေးကို မိမိအတ္တ၊မိမိနေရာ၊ မိမိအာဏာအတွက် ဖြိုခွဲခဲ့တာ ဘယ်သူ တွေလဲ၊ ကိုယ့်တပ်ကိုယ်ပြန်နင်းခဲ့ တာ ဘယ်သူတွေလဲ၊ညီညွတ်ရေး မရှိဘဲနဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်၊အခုရော ခင်ဗျားတို့ ချင်း ညီညွတ်ကြလို့လား။
ငါတို့ မိဘပြည်သူတွေမှာဖြင့် ကျောင်းသားတပ်မတော်ကြီးရဲ့ ပြည်တော်ဝင်ခန်းကို သပြေပန်းနဲ့
လက်ကမ်း ကြိုမယ်ဆိုပြီးမျှော်လိုက်ရတာစောင့်လိုက်ရာ မင်းတို့ကတော့ ညီအစ်ကိုချင်း ရဲဘော်ချင်း
သွေးချောင်း စီးအောင်သတ်ပြီး မိဘပြည်သူတွေကိုကျေးဇူးဆပ်လိုက် တယ်ပေါ့လေ။ ဗိုလ်ချုပ်အောင်ဆန်း
ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးရဲ့ ပြည်တော်ဝင်ခန်းနဲ့တော့ တစ်လမ်းစီ၊တခြားစီပါ ပဲ။ ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့မြန်မာ့မြေမှာ ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်မယ်လို့လွယ်လွယ်လေး ပြောလိုက် တဲ့အပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးအတွေးအခေါ် ဘယ်လောက် ရှိ မရှိဆန်းစစ်ကြည့်သင့်ပါတယ်။
ဒေါက်တာနိုင်အောင်က စလိုက်ရအောင်။ တိုင်းရင်းသားများနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး၊
ပြီးတော့ ဒီနေ့ ရခိုင်-ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒေါက်တာနိုင်အောင်ပြောခဲ့တာတွေကို
အစ ဆွဲ ထုတ်ကြည့်ရအောင်။ ''အဓိကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းစစ်က
နှစ် ၆၀ ကျော်ပြီလေ၊ အားလုံးသိကြတဲ့အတိုင်း နာတာရှည် ပြဿနာပေါ့။ ၈၈ ဖြစ်တဲ့အခါ
ကျတော့ ကျွန်တော်တို့ တောထဲကိုရောက်သွားတဲ့အခါ တိုင်းရင်းသားတွေဘ၀နဲ့ သူတို့ တောင်းဆို
မှုကို ဘာလဲဆိုတာ ပိုနားလည်လာသလို တိုင်းရင်းသားတွေဘက်ကိုလည်း ဗမာဆိုတဲ့ လူမျိုးတွေဟာ
မဟာဆိုတဲ့ စိတ်မျိုး မရှိပါဘူးဆိုတာလည်း ကျွန်တော်တို့ ရှင်းပြခွင့် ကြုံတာပေါ့။ ၂၄ နှစ်အတွင်းမှာ
ကျွန်တော်တို့ လုပ်နိုင်တဲ့ အမြတ်အစွန်းတစ်ခုက အဲဒါပေါ့'' (၁၀ စက်တင် ဘာ ၂၀၁၂ ထုတ် Messenger မှ)ပင်လုံစာချုပ်ပါ အချက်များကို တိုင်းရင်းသားများ မခံစားရသေးကြောင်းနဲ့ ''နဂိုတုန်းက ကိုယ့်နိုင်ငံလေးတွေနဲ့နေခဲ့ကြတဲ့ နိုင်ငံတွေအားလုံးဟာ ကိုလိုနီလက်အောင်ရောက်မှ မြန်မာပြည်မြေပုံကြီး ဖြစ်သွားတာကိုး''လို့ ဆက်ပြောထားပါတယ်။
ကိုလိုနီခေတ်မတိုင်ခင်က ရှမ်း၊ ကချင်၊ ကရင်စတဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ နယ်မြေဒေသများဟာ
နိုင်ငံ (state) အဆင့်ကိုရောက်နေပြီလား၊ (ကျွန်တော့်မှာ စဉ်းစဉ်းစားစားနဲ့ သတိထားပြီး ပြောနေရပါ တယ်။)ဒီနေ့ ငြိမ်းချမ်းရေးစကား ပြောနေရာမှာ တိုင်းရင်းသားများ တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် လိုလားထောက်ခံပါတယ်။ ဒါပေမဲ့ သမိုင်းအမှန်တရားကိုပြန်ကြည့်ရင် ကိုလိုနီခေတ်မတိုင်မီကတည်းကဗမာဘုရင်တွေခေတ်ကတည်းက တိုင်းရင်းသားတွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်။ ဘုရင်ကိုသစ္စာခံရုံပါပဲ။ အခွန်အကောက် လက်ဆောင်ပဏ္ဍာ ဆက်သရုံပါပဲ။ တိုင်းရင်းသားတွေရဲ့ အုပ်ချုပ်သူအကြီးအကဲကို ဖယ်ရှားပြီး ဗမာတွေက သွားအုပ်ချုပ်တာမျိုး မရှိခဲ့ပါဘူး။
လွတ်လပ်ရေးရပြီးနောက်ပိုင်း အထူးသဖြင့် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ စစ်အာဏာရှင်ခေတ်ဖြစ်တဲ့အတိုင်း
တိုင်းရင်းသား နယ်မြေတွေမှာ စစ်တပ်တွေပို့ထားပြီး အဲဒီအချိန်ကစပြီး စစ်တပ်ကပဲ ကြိုးကိုင်ခြယ်လှယ်
စီမံအုပ်ချုပ်လာခဲ့တာ မဟုတ်ပါလား။ တန်းတူရေးကိုပြောရင် စစ်အာဏာရှင်စနစ်လက်အောက်မှာ ဗမာ
လူမျိုးဆိုတာလည်း တိုင်းရင်းသားတွေနဲ့ တန်းတူဖိနှပ်ခံရတာပဲ။ ဗမာကမှ ဗမာ၊ ဗမာချင်း စစ်ဗိုလ် မြန်မာကအရပ်သားဗမာကို အနီးကပ် ဖိနှိပ်တာပိုလို့တောင် ခံရပါသေးတယ်။ ထောင်ကျတာလည်း ဗမာတွေ အများစု၊သေတော့လည်း ဗမာတွေ အများစုပါပဲ။
စစ်အာဏာရှင်စနစ် လက်အောက်မှာ ဗမာပြည်သူတွေလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရခဲ့ပါဘူး။ စေသည်
ကျွန်ထွန်သည့်နွားပါပဲ။ ဒါကြောင့်လည်း တိုင်းရင်းသား ညီအစ်ကိုတွေနဲ့အတူ စုပေါင်းပြီး အာဏာရှင်
ဆန့်ကျင်ရေး လမ်းကြောင်း၊ ဒီမိုကရေစီလမ်းကောင်းပေါ် အတူတူ တိုက်ပွဲဝင်ချီတက်နေကြတယ် မဟုတ်လား။တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို ကျွန်တော် နားလည်ပါတယ်။ ဗမာတွေ ကပညာ သင်ကြားရေးကစပြီးလူနေမှုအဆင့်အတန်း ပိုမြင့်တဲ့ အခွင့်အရေးတွေ ခံစားနေကြတာလို့ မြင်နိုင်ပါတယ်။
ဒါတွေဟာခေတ်စနစ်အရ ကံကြမ္မာရဲ့ သားကောင်တွေဖြစ်ခဲ့ရတာပါ။ ကယားပြည်နယ် လောပိတက
လျှပ်စစ်မီးထုတ်ယူပြီး ကယားပြည်နယ် ကိုတော့ မှောင်ကြီးချခဲ့တာတွေ၊ ရခိုင် ကျောက်ဖြူဒေသက
စွမ်းအင်တွေ တရုတ်ကို ရောင်းစားလိုက်ပြီး ရခိုင်ဒေသ မှောင်ကြီးကျနေတာတွေစသည်ဖြင့် ဒါတွေကို
ဗမာပြည်သူအများစုကြီးကလည်း တိုင်းရင်းသားတွေနဲ့ ထပ်တူ မလိုလားကြပါဘူး။
ဒေါက်တာနိုင်အောင်ပြောခဲ့တဲ့ မြန်မာပြည်မြေပုံကြီးကိစ္စကို ရှင်းပြဖို့ လိုလာပါပြီ။ကိုလိုနီ လက်အောက် ရောက်မှဒီမြေပုံကြီးဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ကုန်းဘောင်ခေတ်ကို အနီးဆုံးထားပြီး ပြန်ကြည့်ရင် အလောင်းဘုရားခေတ်မြန်မာပြည် မြေပုံဟာ လက်ရှိ မြန်မာပြည်မြေပုံထက် ပိုကြီးပါတယ်။ ပိုပြီး ကျယ်ပြန့်ပါတယ်။ အာသံ၊ မဏိပူရ၊အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်းအထိပါပဲ။ စစ်တိုက်ပြီး နယ်ပယ် ချဲ့ထွင်နိုင်ခဲ့တာကို ဂုဏ်ယူပြောဆိုနေခြင်းမဟုတ်ပါ။ ကိုလိုနီခေတ်မတိုင်မီက မြန်မာပြည် မြေပုံကို မှန်မှန် ကန်ကန် သိစေချင်လို့ တင်ပြလိုက်တာပါ။(ဘုရင့်နောင်ခေတ် မြန်မာပြည်မြေပုံက အလောင်းဘုရားခေတ် ထက်တောင် ပိုပြီးတော့ကြီးမားကျယ်ပြန့် ပါသေးတယ်)
ဒေါက်တာနိုင်အောင်က တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ''သူတို့ရဲ့ တိုင်းပြည်ပြန်ရခွင့် ပျောက်ဆုံးနေ တယ်၊ဒါကြောင့်မို့လည်းသူတို့က လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ဖြစ်တယ်''လို့ ဆက်ပြောထားပါတယ်။
သူတို့ရဲ့ တိုင်းပြည် . . .ဆိုတော့ . . .သတိထားပြီး ပြောကြရအောင် တိုင်းရင်းသားတွေကသီးခြားခွဲ ထွက်ပြီး'တိုင်းပြည်၊ နိုင်ငံ' တစ်ခုစီအဖြစ် ထူထောင်ဖို့ လုပ်နေတာလား၊ ဥပမာ ကရင်သမ္မတနိုင်ငံဆိုပါစို့၊ ဒီနေ့အလောင်းဘုရားခေတ် (ပဒေသရာဇ် ခေတ်) က အခြေအနေတွေနဲ့ လုံးဝ မတူခြားနားတဲ့ အခြေ အနေကိုရောက်နေပါပြီ၊ ကိုလိုနီခေတ် နှစ်ပေါင်းတစ်ရာခန့်၊ လွတ်လပ်ပြီး နှစ်ပေါင်း၆၀ ကျော်ခန့်၊ ဒီနှစ်ပေါင်း ၂၀၀ နီးပါးကာလကြီးမှာ တိုင်းရင်းသားလူမျိုးများ သူ့နယ်ကိုယ့်နယ် ရောနှောနေ ထိုင်ရာ ပြည်ထောင်စုကြီးဖြစ်နေပါပြီ။
ကရင်နဲ့ မွန်၊ မွန်နဲ့ ပအို့ဝ်၊ နယ်မြေတွေ ထိစပ်နေရုံမျှမက မွန်ဒေသမှာ ကရင်ရှိသလို ကရင်နယ်မှာလည်း
မွန်နဲ့ ပအို့ဝ်ကို တွေ့ရမှာပါပဲ။ရှမ်း နဲ့ ကချင်၊ ရှမ်းနဲ့ဝ၊ ကိုးကန့်ဆိုတာက ပါလာသေး။ ချင်းမှာလည်း ဖလမ်းချင်းနဲ့ တီးတိန်ချင်း မတူပြန်ဘူး။ဗမာတွေကလည်းဝန်ထမ်းတွေရော စီးပွားဝမ်းစာရှာသူတွေရော ရေကြည်ရာ မြက်နုဆိုသလို တိုင်းရင်းသားဒေသတွေမှာ အခြေချနေပြီး ဖြစ်နေပြီ။ ရန်ကုန်ကို ဘယ်လိုပြော မလဲ၊ ရန်ကုန်ဆိုတာ ရှေးတုန်းက မွန်တို့ရဲ့ဒဂုန်ပဲ။ မွန်တိုင်းပြည် မွန်နိုင်ငံ ထူထောင်မယ်ဆိုပြီး ရန်ကုန်က ဗမာတွေကိုနှင်ထုတ်လို့ ဖြစ်နိုင်ပါတော့မလား။
ဒီနေ့ ကရင်ပြည်နယ်တစ်ခုတည်းကိုပဲ ကြည့်လိုက်ပါဦးတော့။ ဒီကေဘီအေရယ်၊ ကေအင်ယူရယ်၊ အခြားသောလက်နက်ကိုင် ကရင်အဖွဲ့တွေရယ် သီးခြားစီသူ့နယ်ကိုယ့်နယ် ဖြစ်နေကြတယ် မဟုတ်လား။ တစ်ပြည်ထောင်စီခွဲထုတ်လိုက်လို့ ကတော့ဖြစ်လိုက်မယ့် ပြဿနာတွေ လက်နက်ကိုင်ပဋိပက္ခတွေ၊ မီးခိုးမဆုံး မိုးမဆုံး ဖြစ်လိုက်မယ့်စစ်ပွဲတွေ၊ ငြိမ်းချမ်းရေးစကားပြောချိန်တောင်ရတော့မှာ မဟုတ်ဘူး။
ဒီလို စစ်မီးတောက်လောင်ပြာကျမယ့်အရေးကို တိုင်းရင်းသားတွေကလည်း မလိုလားပါဘူး။ ဒါကြောင့်
'တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်'ကိုပဲ တောင်းဆိုနေကြတာပါ။ ဒါက တရားမျှတတဲ့ တောင်းဆိုမှုပါ။ ဗမာပြည်ကိုအင်္ဂလိပ်ကလာပြီး အုပ်ချုပ်တာ မကြိုက်ရင် ဗမာကလည်း ရှမ်း၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသားတွေအပေါ်လွှမ်းမိုးအုပ်ချုပ်ဖို့ မကြိုးစာသင့်ပါဘူး။ ရပ်ရွာထဲက အိမ်ထောင်စု တစ်ခုချင်း မှာတောင်(ဆွေမျိုးအရင်းချာမှာတောင်) သူ့အိမ်တွင်းရေး ကိုယ်က သြဇာဝင်ပေးတာမျိုး မသင့် တော့ပေ ဘူး။ သူကျေနပ် လက်ခံသလောက်သာအကြံဉာဏ်ပေး ကူညီတာမျိုးဖြစ်ရမယ်။
အခု ကျွန်တော်တင်ပြခဲ့တာတွေက တိုင်းရင်းသားအရေးနဲ့ ပတ်သက်လာရင် ရှေးပဝေသဏီ ဘုရင်ခေတ်၊
ပဒေသရာဇ်ခေတ်တွေကတည်းက အတူတကွ နေထိုင်လာကြတဲ့ ပြည်ထောင်စုသားတွေအတွက်
ပြောခဲ့တာပါ။ သေချာတာကတော့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာ မပါ ဘူးဆိုတာပါပဲ။
ဒေါက်တာနိုင်အောင်ကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဒီလိုပြောဆိုထားပါတယ်။ ''ကျွန်တော်တို့ မြန်မာပြည် အတိုင်းအတာနဲ့ ပြောမယ်ဆိုရင်သူတို့က ပြည်နယ်တောင်းပိုင်ခွင့် ရှိတယ်၊ ရခိုင်၊ ကချင်၊ မွန်၊ ရှမ်း၊ကရင် ရှိသလိုပေါ့''(ရှေးကတည်းက ရှိခဲ့တယ်ဆိုရင် ပြည်နယ်ပိုင်ဆိုင်ခွင့်ရှိတယ်တဲ့)
''အဲဒီမှာ ရှင်းရမှာက ဘာလဲဆိုတော့ အခု ရိုဟင်ဂျာလို့ ပြောနေတဲ့ လူမျိုးတွေက ကျွန်တော်တို့ မြန်မာတွေ၊
ရခိုင်တွေလို အဲဒီကာလကတည်းက အခြေစိုက် နေထိုင်ခဲ့ကြတာမျိုးဆိုရင်သမိုင်းကိစ္စကျွန်တော်နားမလည် ဘူး။အဲဒီလိုမျိုးရှိတယ်ဆိုရင် သူတို့လည်း ပြည်နယ်တောင်းပိုင်ခွင့်ရှိတယ်''(၁၀-၉-၁၂ထုတ် Messenger ဂျာနယ်မှ)
သမိုင်းကိစ္စ နားမလည်ရင် ရိုဟင်ဂျာအရေး ဆွေးနွေးတောင်းဆိုပိုင်ခွင့် လုံးဝမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့
စကားလုံး စတင်ပေါ်ပေါက် လာတာတောင် သမိုင်းခေတ်တွေနဲ့ပြောရင် ဘာမှမကြာသေးပါဘူး။
၁၉၅၁ ခုနှစ် သြဂုတ်လ ၂၀ ရက်ထုတ် ဂါဒီယန်သတင်းစာ(The Guardian) မှာ ပါလီမန်အမတ်
မစ္စတာဂါဖားရ်က သူတို့ကို ဘင်္ဂါလီလို့ခေါ်ရင် တစ်ဖက်နိုင်ငံက ပြေးလာသူတွေမှန်း သိသွားမှာစိုးလို့
'ရိုဟင်ဂျာ'လို့ တီထွင် သုံးနှုန်းလိုက်တာပါ။
ရိုဟင်ဂျာလို့ မခေါ်မီ သူတို့ကိုယ်သူတို့ (မူဂျာဟစ် = ဘာသာရေး သူရဲကောင်း) လို့ ခေါ်ဆိုခဲ့ပါတယ်။
လူမျိုးရေးဘာသာရေး အသွင်ဖန်တီးခဲ့တာ သူတို့ဘက် စခဲ့တာပါ။ ပြဿနာအားလုံးရဲ့ အရာရာကို
သူတို့ဘက်ကပဲ စခဲ့တာပါ။ ဒီနေ့ ရခိုင်ရိုဟင်ဂျာအရေး မပေါ်ပေါက်မီကပင် ၂၁ မတ်
၂၀၀၉ ခုနှစ် နေ့စွဲနဲ့ သမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက 'ရခိုင်ဒေသအတွင်းသို့
မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့်နိုင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်' ဆိုတဲ့စာတမ်းကို ရေးသား
တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (ထိုစာတမ်းကို မိတ္တူများစွာပွား၍ လက်ဆင့်ကမ်းဖတ်မှတ်လေ့လာနေကြပေပြီ)
စာတမ်းရဲ့ အနှစ်ချုပ်ကတော့ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်၊ အင်္ဂလိပ် ကိုလိုနီခေတ်ဦးကပင်
လယ်ယာလုပ်ကိုင်ဖို့ ရောက်လာရင်း ပွားများလာကာ ၁၉၁၁ ခုမှာပင် စစ်တွေခရိုင်ရဲ့ လူဦးရေ ၇၇% မှာ
ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလိပ်တွေ သွေးထိုးပေးခဲ့တဲ့အတွက် ၁၉၄၂ ခုနှစ်မှာ အကြီးမားဆုံး အဓိကရုဏ်းကြီးဖြစ်ခဲ့ပြီး
ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှာ ရခိုင်ရွာတွေ မီးရှို့ခံရပြီး ရခိုင်လူမျိုးနှစ်သောင်းခန့်သေဆုံးခဲ့ ရပါ တယ်။ ရိုဟင်ဂျာတို့၏ ရည်ရွယ်ချက်သည် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်အနောက်ဘက်ခြမ်း တစ်ခုလုံးကို Arkistan အာကစ္စတန်အမည်ဖြင့် နိုင်ငံတစ်ခု ထူထောင်ရန်ဖြစ်သည်လို့ ဆရာဦးမြင့်သိန်း က တင်ပြထားပါတယ်။ လူ့အခွင့်အရေး အမည်ခံပြီးတိုင်းရင်း သားမဟုတ်ဘဲ ပြည်နယ်တောင်းခြင်း၊ နိုင်ငံ ထူထောင်ဖို့ ကြိုးစားခြင်းများဟာကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာတာ ပဲဖြစ် ပါတယ်။ဒေါက်တာနိုင်အောင်တို့ မိုးသီးဇွန်တို့က ထိုင်းမှာလည်း ဗမာတွေ ငါးသန်းလောက်လာပြီး အလုပ်လုပ်နေတာပဲတဲ့။ ဟုတ်ကဲ့ အဲဒီဗမာငါးသန်းက ယိုးဒယားမှာ ပြည်နယ် မတောင်းပါ။ ရိုဟင်ဂျာတွေကဘူးသီးတောင်၊ မောင်တောကို လွှမ်းမိုးထားသလို မဲဆောက်ကို အပိုင်ကြံဖို့ စိတ်နဲ့တောင် မပြစ်မှားပါ။
ယိုးဒယားရွာတွေကို မီးမရှို့ပါ။ ယိုးဒယားတွေကို မသတ်ပါ။ လုပ်ခလစာ မှန်မှန်ရဖို့တောင်ရုန်းကန်နေ ရ ရှာတဲ့ ရွှေဗမာတွေပါ။ လူ့အခွင့်အရေးဆိုတဲ့ စကားတစ်လုံး ပြောတတ်ရုံနဲ့မြန်မာပြည်ရဲ့ တိုင်းရင်းသား အရေး၊ ငြိမ်းချမ်းရေးနဲ့ ရိုဟင်ဂျာအရေးတွေကို ဘယ်လိုပါဝင်ဖြေရှင်းမှာလဲလို့ မေးလိုက်ချင်ပါတယ်။
Source : Eleven Media Group
No comments:
Post a Comment